ချွန်ပူရီက မြန်မာအလုပ်သမားတွေကို အလုပ်ရှင် နစ်နာကြေးပေးမယ်လို့ဆို
2024.03.07

ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်က မြန်မာအလုပ်သမား ၃၄ ဦးကို အလုပ်ရှင်က နစ်နာကြေးပေးမယ့်အကြောင်း သဘောတူညီမှုရခဲ့တယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ရဲ့ တာဝန်ရှိသူက RFA ကို ဒီနေ့ ပြောပါတယ်။
ချွန်ပူရီခရိုင်၊ နောင်ယိုင်းမြို့က CESE2 ဆောက်လုပ်ရေးခွင်မှာ မြန်မာအလုပ်သမား ၃၄ ဦးဟာ နှစ်လစာ လုပ်အားခ ဘတ်ကိုးသိန်းကျော် မရတဲ့အတွက် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ မတ်လ ၅ ရက်နေ့က တိုင်ကြားခဲ့တာလို့ WAG အဖွဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
အမှုပြန်ရုပ်သိမ်းပေးရင် နစ်နာကြေးပြန်ပေးမယ်ဆိုလို့ အလုပ်ရှင်နဲ့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ၃၄ ဦးရဲ့အမှု ပြန်ရုပ်သိမ်းပေးဖို့အတွက် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ အဲဒီစက်ရုံမှာက မြန်မာအလုပ်သမား တစ်ရာကျော်ရှိတဲ့အထဲက ၆၈ဦးရဲ့ နစ်နာကြေးတွေကိုတော့ မတ်လ ၆ ရက်ညပိုင်းမှာ အလုပ်ရှင်က ပြန်ပေးခဲ့တယ်လို့ ပြောပါတယ်။
အစောပိုင်းမှာတော့ တိုင်ကြားခဲ့တဲ့ အလုပ်သမားတွေကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လုပ်ပေးဖို့ဆိုပြီး ငွေကောက်ထားပေမယ့် တာဝန်ယူဆောင်ရွက်ပေးတာ မရှိခဲ့လို့ သက်တမ်းကုန်သွားခဲ့တယ်လို့လည်း WAG အဖွဲ့က ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ ပိုများလာသလို၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာတွေကြောင့် တိုင်ကြားမှုတွေလည်း ပိုများလာတယ်လို့ WAG အဖွဲ့ က ပြောပါတယ်။