ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားမှာ ထိန်းသိမ်းထားတဲ့ ရှေးဟောင်း အာနန္ဒစန္ဒြကျောက်စာကို တောင်ကိုးရီးယားနိုင်ငံ ဂွမ်းဂျူမြို့မှာ ကျင်းပခဲ့တဲ့ မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှပစိဖိတ် ကော်မတီ အစည်းအဝေးမှာ ဒေသအဆင့် ယူနက်စကို မှတ်တမ်းအမွေအနှစ်အဖြစ် စာရင်းသွင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှပစိဖိတ် ကော်မတီအစည်းအဝေး မှာ အသိအမှတ်ပြုကြောင်း ကြေညာခဲ့တာလို့ အာနန္ဒစန္ဒြကျောက်စာ ယူနက်စကို ဝင်ခွင့်စာတမ်းပြုစုရေးဆပ်ကော် မတီ ဥက္ကဋ္ဌ ဒေါ်နုမြဇံ က ပြောပါတယ်။
"ရန်ကုန်က UFL ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က မြန်မာနိုင်ငံ UNESCO ကော်မရှင်ရဲ့ အတွင်းရေးမှူးပါ၊ သူက မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှပစိဖိတ် ကော်မတီအစည်းအဝေး သွားတက်တာလေ ကိုရီးယားမှာ သွားတာက်တော့ သူကိုယ်တိုင် presentation လုပ်ခဲ့ရတယ်၊ အာနန္ဒစန္ဒြကျောက်စာရယ် မြဂနိုင်ရုပ်ရှင်ရယ်ပေါ့၊ ဟိုကလူကြီးတွေက ဆုံးဖြတ်ပြီးကြေညာလိုက်တော့ မြန်မာနိုင်ငံက နှစ်ခုစလုံးအရွေးခံရတယ်ဆိုပြီး သူတင်တာပါ"
တောင်ကိုးရီးယားနိုင်ငံ ဂွမ်းဂျူမြို့မှာကျင်းပခဲ့တဲ့ အဲဒီကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံက အာနန္ဒစန္ဒြကျောက်စာနဲ့ မြဂနိုင်ရုပ်ရှင်ကို တင်ပြခဲ့တာဖြစ်ပြီး အဲဒီနှစ်ခုစလုံး ဒေသအဆင့် ယူနက်စကို မှတ်တမ်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။
မြောက်ဦးမြို့ သျှစ်သောင်းဘုရားမှာ ထိန်းသိမ်းထားတဲ့ အာနန္ဒစန္ဒြကျောက်စာဟာ အေဒီ ၅ ရာစု၊ ၈ ရာစု၊ ၁ဝ ရာစု၊ ၁၁ ရာစုတွေမှာ ရခိုင်မင်းဆက်တွေအကြောင်း သက္ကဋဘာသာနဲ့ ခေတ်အဆက်ဆက်ရေးထိုးခဲ့တဲ့ ကျောက်စာဖြစ် ပါတယ်။
မြဂနိုင်ရုပ်ရှင်ကတော့ ၁၉၃၄ ခုနှစ်မှာ ဒါရိုက်တာ မောင်တင်မောင်က ရိုက်ကူးခဲ့တဲ့ အဖြူအမည်းရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်ပါတယ်။