စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် အစပ်မှာရှိတဲ့ ရွာပေါင်း ၁၂ ရွာ က နေအိမ် ၃၆၀ ကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သား တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်မှာရှိတဲ့ ဆင်ခြေယာ၊ မာလကာခြံ၊ မြေစွန်းတော်၊ ရွှေလှံနဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာရှိတဲ့ မြစ်သာ၊ မြစ်ဆုံ၊ ပရိမ္မ၊ ဆူးလေကုန်း၊ သူဌေးကုန်း၊ နနွင်းကိုင်း၊ ရွှေတချောင်း၊ ဆင်လှောင် စတဲ့ရွာတွေကို မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ မီးရှို့နေတာကြောင့် အဲဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံ နှစ်သောင်းကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အစပ်က ရွာတွေကို ရှို့တာ။ ရွာ ၁၂ ရွာက လူတွေ အကုန်ပြေးနေရတယ်။ ဒီမနက်ပိုင်း ပိုဆိုးလာလို့ ကျနော်လည်း ပြေးနေရတယ်။ တပ်ကအစုံပဲ ပေါင်းပြီးဝင်လာတာ။ ရွာအပြင်ဘက်ကနေကြည့်တော့ မီးခိုးတွေချည်းပဲ"
နိုဝင်ဘာလ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လေတပ်က ရေစကြိုနဲ့ မြောင်မြို့နယ်တွေကို စစ်ရဟတ်ယာဉ်နဲ့ မိနစ် ၃၀ ကြာ လာရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်း ရေစကြိုမြို့နယ် ရွှေလှံရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဒေသကာကွယ်တပ်ဖွဲ့တွေက ပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း ပြောခွင့်ရသူတွေထံ တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာအကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေ အရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်း တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၀,၁၅၃ လုံးနဲ့ မကွေးမှာ နေအိမ် ၅,၄၁၈ လုံး ပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။