မြဝတီ-ကော့ကရိတ်လမ်း ဇာတ်အဖွဲ့ကားတိမ်းမှောက်မှု သေဆုံးသူ ၁၁ ဦးရှိလာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်၊ မြဝတီ - ကော့ကရိတ် အာရှ လမ်းမပေါ်မှာ အောက်တိုဘာ ၅ ရက် မနေ့ ညနေပိုင်းက “ ပွင့်နေခြည်” ဇာတ်သဘင် ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်လိုက်ပါလာသူတွေထဲက သေဆုံးသူတွေဟာ ဒီနေ့ညနေပိုင်းအထိ လူ ၁၁ ဦးအထိ ရှိလာတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို အတွင်းရေးမှူး ဦးနေဝင်းက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

“မနေ့ညပိုင်းမှာ ကားအောက်နေ ဆွဲထုတ်လို့ရသမျှ ဆွဲထုတ်တဲ့ချိန်မှာ သေဆုံးသူတွေက ခြောက်ဦးမကတော့ဘူး၊ ဒီနေ့မနက် ဒဏ်ရာပြင်းထန်တဲ့ ၁၂ ဦးကို မော်လမြိုင်ဆေးရုံ လွှဲပြောင်းတော့ လမ်းမှာတင်တစ်ဦးထပ်သေတယ်။ သူတို့လည်းပွဲဦးဆိုတော့ သွားကြတာ၊ မထင်မှတ်ဘဲဖြစ်သွားတာ”

လတ်တလောမှာတော့ သေဆုံးသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဇာတ်အဖွဲ့ကားပေါ်မှာ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါလာတာပါ။

ထိခိုက်ဒဏ်ရာရသူတွေဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဒီနေ့မနက်အစောပိုင်းက မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုစိုးမိုးဌေးက RFA ကို ဒီကနေ့မှာ ပြောပါတယ်။

“ဒေသအခေါ် ကွမ်းသီးခြံနားမှာ မှောက်တာ။ ကျနော်တို့ရောက်သွားတော့ ကားမောင်းတဲ့သူက ခေါင်းခန်းထဲမှာ ညှပ်နေတာ။ အဲတာကို ကရိန်းနဲ့မပြီးတော့မှ ဆွဲထုတ်ရတယ်။ ကားမောင်းတဲ့သူရဲ့ အနောက်မှာ ပိပြီး သေဆုံးနေတဲ့သူ တစ်ယောက်ကိုလည်း ဆွဲထုတ်ခဲ့ရတယ်။ ကျန်တဲ့လူတွေကတော့ ကားအပေါ်ကနေ လိုက်လာကြတာဆိုတော့ လွှင့်ထွက်သွားကြတာ”

အဲဒီ ၂၂ ဘီး ဇာတ်သဘင်ကား တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ အသက်ရှင် ကျန်ရစ်သူ အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုဇာတ်ကားတိမ်းမှောက်တဲ့ နေရာဟာ မကြာခဏ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားနေတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် သတိထားမောင်းနှင်ကြဖို့လည်း ဒေသခံတွေက တိုက်တွန်းကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေထပ်သိရဖို့ RFA က “ ပွင့်နေခြည်” ဇာတ်အဖွဲ့ တည်ထောင်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလော ဖြေကြားနိုင်တာ မရှိသေးဘူးလို့ ပြောပါတယ်။