ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်က တံတားကျိုးရွာ စုပေါင်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ နေ့လယ်ပိုင်းထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် အာရှလမ်းမပေါ်က တံတားကျိုး စစ်ဆေးရေးဂိတ်ကို ပိတ်ထားပြီး ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ်တွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတာကျိုးရွာ စုပေါင်းဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရမှာ ဒီနေ့မနက် ၅ နာရီခွဲကနေ ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းထိလည်း ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စစ်ကောင်စီဘက်ကတော့ အလစ်ဝင်တိုက်ခံရတာဆိုတော့ သေတော့သေနိုင်တယ်။ အထိနာလို့လည်း လေယာဉ်လာတာ တွေ့တယ်။ လေကြောင်းကနေလည်း ဗုံးကြဲတယ်။ အဲဂိတ်ကလည်း ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးပေါ်မှာရှိတော့ အရေးပါတဲ့ ဂိတ်တစ်ခုလည်းဖြစ်နေတယ်။ စကစ ဌာနစုံစစ်ဆေးရေးဂိတ်ကြီးကို ကျောထောက် နောက်ခံ ကာကွယ်ပေးနေတဲ့ တပ်ရင်းပါ။ အဲဂိတ်ဘယ်လောက်ဆိုးလဲဆိုတာတော့ သတင်းအမြဲကြားနေကြအတိုင်းပါပဲ"
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦး၊ တပ်ရေးဗိုလ်ကြီး တစ်ဦး၊ တပ်သား သုံးဦးနဲ့ ရဲမေတစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး သေနတ် သုံးလက် သိမ်းဆည်း ရမိတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ Lion Battalion Commando စစ်ကြောင်းက ဒီနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမျိုး မရှိသေးပါဘူး။
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ (၆) ထိန်းချုပ် နယ်မြေထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာတစ်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၅၃) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၇၉) ဦး သေဆုံးပြီး (၈၀) ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ ကရင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည် ၉၀,၄၀၀ ကျော်ထိ ရှိနေပါတယ်။