ကရင်ပြည်နယ် မြ၀တီမြို့နယ်က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ အနီးတစ်၀ိုက်မှာ မတ်လ ၇ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် သင်္ဃန်းညီနောင်ရွာက ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီး ရွာထဲကျတာ ဘုန်းကြီးကျောင်းနားကိုကျလို့ ကောင်မလေးတစ်ယောက် သေသွားတာ။ အဲဒီဘက်က မကျလောက်ဘူးထင်လို့ အဲဒီဘက်ကို ပြေးတာ။ နေလို့မရတော့ဘူးဆိုပြီး ပြေးကြတာ။ အခုထိလည်း ရွာထဲကိုဝင်လို့မရဘူး”
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးသလို၊ ဒေသခံတွေကတော့ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ် တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အပြင်းအထန် ခုခံနေသလို ဒီနေ့မနက်ပိုင်းအထိ လေယာဉ်ပျံဝဲနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မြ၀တီမြို့နယ် သဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေထံ လာရောက်တဲ့ ရဟတ်ယာဉ်တစ်စင်းကို KNLA ပူးပေါင်းတပ်တွေက ပစ်ချခဲ့လို့ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး စစ်တပ်အရာရှိတွေလည်း သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။