ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးတိုက်နယ်နဲ့ သရက်တောင်ရွာကို လေကြောင်းက နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်တောင်ရွာကို မတ်လ ၂၃ ရက်က တိုက်ခိုက်ခဲ့တာမှာ အသက် ၅၇ နှစ်အရွယ် ဦးစိုးမြအောင် သေဆုံးပြီး ဦးသန်းထွန်းနိုင်နဲ့ နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီ့အပြင် မတ်လ ၂၄ ရက် မနက်မှာတော့ ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၀ အရွယ် ဝန်ထမ်းအမျိုးသမီး မဝါရဲ့ ခေါင်းကို ကျည်စထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကမ်းထောင်းကြီးမှာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ မြောက်ကျောင်းဆိုတဲ့ ဘုန်းတော်ကြီးကျောင်း အဲဒီသုံးနေရာကို ဗုံးကြဲချခဲ့တာ။ ဆေးရုံမှာ အလုပ်လုပ်နေတဲ့ မဝါကတော့ မသေဘူး။ ဒါပေမဲ့ အသက်ဆက်ရှင်ဖို့ ကိုးဆယ် ရာခိုင်နှုန်း မသေချာဘူး။ မနေ့ကပစ်ခဲ့တဲ့ သရက်တောင်ကို ဒီနေ့လည်း ဆက်ပစ်နေတယ်”
ဒီတိုက်ခိုက်မှုအတွင်း တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးသွား တယ်လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြေပုံမြို့နယ် ကမ်းထောင်းကြီးတိုက်နယ် ညောင်ကန်ကျေးရွာကို မတ်လ ၂၂ ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ရဟန်းသံဃာတွေအပါအဝင် အရပ်သား ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။