မြိတ်လေဆိပ်က ခရီးသွားမယ့်သူတွေ အုပ်ချုပ်ရေးမှူး ထောက်ခံချက်လိုကြောင်း စစ်ကောင်စီ ပြော

တနင်္သာရီတိုင်း၊ မြိတ်လေဆိပ်ကနေ ခရီးသွားမယ့်သူတွေ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ယူရမယ်လို့ စစ်ကောင်စီဘက်က ကန့်သတ်လိုက်တာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းက လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက စစ်ကေင်စီရဲ့ ညွှန်ကြားချက်ကြောင့် သူတို့ဆီမှာ လက်မှတ်လာဝယ်သူတိုင်းကို ထောက်ခံစာယူသွားဖို့ ပြောနေရတယ်လို့ RFA ကို ပြောပါတယ်။

“လေယာဉ်နဲ့ ဘယ်ပဲသွားသွား ယူသွားခိုင်းတယ်။ ထောက်ခံစာ ယူမလာရင် လေယာဉ်ပေါ် ပေးမတင်မှာ စိုးလို့လေ။ လေကြောင်းလိုင်းနဲ့ လဝကပဲ စစ်တာ။ ကျွန်တော်တို့က လက်မှတ်ပဲ ရောင်းပေးတာ။ ထောက်ခံစာက လေဆိပ်ကို ယူသွားရမှာ”

ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ထုတ်ပြန်စာထဲမှာ စစ်ကောင်စီ ယန္တရားအောက်က ဝန်ထမ်းမဟုတ်သူတွေကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါမှ လက်မှတ်ရောင်းချဖို့နဲ့ E-Ticket နဲ့ ဝယ်ယူသူတွေလည်း လေဆိပ်ကို ထောက်ခံချက်ယူဆောင်လာရမယ်လို့ ဖော်ပြထားပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး အတိအကျသိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးတာနဲ့ အခုလို လေယာဉ်နဲ့ ခရီးသွားသူတွေကိုပါ ထောက်ခံစာ ယူလာခိုင်းတာဟာ လူဝင်လူထွက်စာရင်းကို စစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်မှတ်ဝယ်ရင် အဲဒီထောက်ခံစာ ယူရမယ်တဲ့။ အရင်တုန်းက မယူရဘူး။ အခုက စစ်မှုထမ်းရမယ်ဆိုတဲ့ စာထုတ်ပြီးမှ ဖြစ်လာတာပေါ့။ ထွက်သွားတဲ့လူတွေကိုသိအောင် သူတို့ လုပ်တာပဲ။ စစ်မှုထမ်းရမယ်ဆိုတော့ လူတွေကလည်း ထွက်ကြပြီလေ။ တကယ်လို့ ကိုယ့်သားသမီးကိုလွှတ်ရင် မိဘတွေကို ပြဿနာရှာရင်လည်း ရှာမှာပေါ့။ ပိုက်ဆံတောင်းရင်လည်း တောင်းမှာပေါ့။ ရပ်ကွက်လူကြီး ထောက်ခံစာနဲ့ဆိုတော့ လက်မှတ်ဝယ်တာနဲ့ စာရင်းဝင်နေပြီလေ။ အခုက ဘယ်နေရာမှကို သွားလို့မရသလို ဖြစ်နေတာ”

အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။