မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျို့ကန်ရွာကို မတ်လ ၁၃ ရက ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီးနောက် ပစ်ခဲ့တာကြောင့် ဒေသခံ သုံးဦးသေဆုံးသွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် ဒေါ်မိလုံးနဲ့ ဦးသန်းတင်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ဒေါင်းစိန်ကတော့ နေအိမ်တွေ မီးရှို့ခံရချိန်မှာ မီးလောင်သေဆုံးသွားတာလို့ ဆိုပါတယ်။
အင်အားငါးဆယ်ကျော်ပါ အဲဒီစစ်ကြောင်းဟာ ပျို့ကန်ရွာကို ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ရွာကနေပြန်ထွက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာကိုဝင်စီးတဲ့အချိန်က တစ်နာရီလောက်ပါပဲ။ ဝင်စီးတဲ့အချိန်က ဝရုန်းသုန်းကားပြေးကြတော့ ကျန်နေခဲ့တဲ့သူတွေကို စစ်တပ်က ရမ်းသမ်းပစ်ရင်း ထိတာပေါ့။ ဒေါ်ဒေါင်းစိန်က လေဖြန်းထားတော့ အိပ်ယာထဲက မထနိုင်ဘဲ မီးထဲပါသွားတာ"
အိမ်ခြေ ၁၅၀ ကျော်နဲ့ လူဦးရေ ခြောက်ရာနီးပါးရှိတဲ့ ပျို့ကန်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်ဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ မြင်းခြံမြို့နယ်ထဲက ရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာတော့ ပျို့ကန့်ရွာကနေ ကန်ဆွယ်ရွာဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထွက်သွားပေမယ့် ဒေသခံတွေကတော့ လုံခြုံစိတ်ချရတဲ့ အခြေအနေ မဟုတ်တာကြောင့် ရွာထဲကို မပြန်ရဲသေးဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားတွေကြောင့် ပြည်သူ ၄,၆၇၇ ဦး သေဆုံးခဲ့ရပါတယ်။