မြင်းခြံ၊ ပျားကျေးရွာက ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျားကျေးရွာက ဒေသခံနှစ်ထောင်နီးပါးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာတာ ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးနေရသူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်သည် တွေပါ ပါဝင်ပြီး အများစုဟာ နီးစပ်ရာရွာတွေနဲ့ လယ်ယာတွေထဲမှာ ပုန်းရှောင်နေရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာနားမှာ တိုက်ပွဲဖြစ်သွားကတည်းက ဒေသခံတွေက ရှောင်နေကြပြီ။ ညနေ ၆ နာရီကျော်တော့ အင်အားတစ်ရာနီးပါး စစ်ကြောင်းက ဝင်လာတာပဲ။ ဝင်လာကတည်းက ပစ်တာ။ ဘာမှ ပြင်ဆင် ချိန် မရှိဘူးပေါ့။ ဝုန်းဒိုင်းကြဲပြီး ပြေးကြရတာဆိုတော့ တချို့ပစ္စည်းတွေလည်း မသယ်လိုက်နိုင်ဘူး"

ပျားကျေးရွာထဲက နေအိမ်တချို့နဲ့ ဒေသခံတချို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးမီးရှို့တာတွေ ရှိပေမယ့် ရွာကိုပြန်မဝင်ရသေးလို့ အတိအကျ မသိရသေးဘူးလို့ လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပျားကျေးရွာမှာ အိမ်ခြေရှစ်ရာကျော်နဲ့ ဒေသခံနှစ်ထောင်နီးပါး နေထိုင်ခဲ့ကြပြီး အများစုဟာ တောင်ယာ လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။