ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေဆိပ်ကို လုံခြုံရေးမပေးနိုင်တော့တာကြောင့် မြစ်ကြီးနား လေဆိပ်ကို မတ်လ ၉ ရက်နေ့ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ဒေသခံတွေနဲ့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ မြစ်ကြီးနားမှာရှိတဲ့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက လေဆိပ်ကို လုံခြုံရေး ယူပေးနေသူတွေဘက်က လုံခြုံမှုမပေးနိုင်တော့တာကြောင့် ပိတ်လိုက်တာလို့ RFA ကို ပြောပါတယ်။
“လေဆိပ်လုံခြုံရေး ယူပေးတဲ့သူတွေက လုံခြုံရေးမပေးတော့ဘူးတဲ့။ ဆင်းချင်ဆင်း၊ မဆင်းချင် မဆင်းနဲ့ဆိုတော့ ခရီးစဉ်တွေလည်း ပိတ်လိုက်တာတာ။ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ ဘယ်နေ့ ပြန်ဖွင့်မလဲ မသိသေးဘူး”
မြစ်ကြီးနား ဒေသခံတစ်ဦးကလည်း လေဆိပ်ပိတ်လိုက်တာကြောင့် အရေးကြီးခရီးသွားဖို့ ပြင်ဆင်ထားတာတွေ အခက်အခဲဖြစ်နေရပြီလို့ RFA ကို ပြောပါတယ်။
“ဒီနေ့ ရန်ကုန်သွားမယ့် အသိတွေရှိတယ်၊ အခု လေယာဉ်ပိတ်လိုက်တော့ မသွားရတော့။ လေဆိပ်ကို ရှော့တိုက်ဒုံးတွေကျလို့ လုံခြုံရေး အာမမခံတော့ဘူးပေါ့။ တိုက်ပွဲဖြစ်နေတော့ ပြည်သူတွေသွားတဲ့ ခရီးစဉ်ကိုပိတ်ပြီး သူတို့ စစ်တပ်လေယာဉ်တွေအတွက် အသုံးပြုမလို့လားပေါ့ တချို့က အဲလိုလည်း ပြောနေကြတယ်”
ဗန်းမော်လေဆိပ်လည်း လက်နက်ကြီးနဲ့ အပစ်ခံခဲ့ရတာကြောင့် မတ်လ ၇ ရက်နေ့ကတည်းက ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေစဖြစ်တဲ့ မတ်လ ၇ ရက်နေ့မှာပဲ မြစ်ကြီးနားမှာရှိတဲ့ နန့်ပေါင်လေတပ်စခန်းကိုလည်း KIA က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြစ်ကြီးနား - ဗန်းမော်လမ်းနဲ့ လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေပြီး သုံးရက်အတွင်း တပ်စခန်းပေါင်း ၁၆ ခု သိမ်းထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။