မြစ်ကြီးနားမှာ အဖမ်းခံထားရတဲ့ KIA အုပ်ချုပ်ရေးအရာရှိ ၁၁ ဦး မိသားစုနဲ့ တွေ့ခွင့်မရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ အုပ်ချုပ်ရေးအရာရှိ ၁၁ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးမှာ ဖမ်းဆီးစစ်ဆေးနေပြီး ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်၊ မနက် အစော ၅ နာရီဝန်းကျင်က မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတာပါ။

လက်ရှိ တွေ့ဆုံခွင့်ရဖို့ လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သက်ဆိုင်တဲ့ လူကြီးတွေကနေတစ်ဆင့် ကြားတာတော့ စရဖရုံးမှာ ဖမ်းထားတယ်လို့ ကြားတယ်။ ကောင်းကောင်းမွန်မွန်ပဲ ရှိနေတယ်လို့သိရတယ်။ မိသားစုဝင်တွေနဲ့ တွေ့ရ ဖို့လည်း သက်ဆိုင်ရာ လူကြီးတွေကနေ တစ်ဆင့် လုပ်ဆောင်နေတာ ရှိတယ်။ အခုထိတော့ တွေ့လို့ မရသေးဘူး”

အဖမ်းခံထားရတဲ့အထဲမှာ KIA ရဲ့ အုပ်ချုပ်ရေးအရာရှိ (ဆလမ်ကဘာ) တွေဖြစ်ကြတဲ့ မုန်ရာ (KIA၊ လိုင်ဇာ စစ်သင်တန်းကျောင်း)၊ ဘောမ်ချန်း၊ ခွန်းအောင် (KIO၊ နောင်နန်း ဒုမြို့နယ်မှူး)၊ တူးရှန် (KIO၊ ဝါးရှောင်စာရင်းကိုင်)၊ မုန်ဒန် (KIO၊ မလိယန် ဒုမြို့နယ်မှူး)၊ လဖိုင်အောင်ဂမ် (KIO၊ မလိယန်အတွင်းရေးမှုး)၊ နော်အောန် (KIO၊ စာရင်းစစ်)၊ ခေါယိမ်း (KIA၊ တပ်ရင်း - ၁၁)၊ နော်ဘန့် (KIO၊ ဖားကန့် အတွင်းရေးမှူး) တို့ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။

အုပ်ချုပ်ရေးအရာရှိ (ဆလမ်ကဘာ) တွေအပြင် လာအောင်( KIA၊ နမ္မတီး)၊ နော်လီ (KIA၊ ရုံးအကူ) တို့လည်း ပါဝင်တယ်လို့ အဲဒီတယ်လီဂရန်ချန်နယ်တွေမှာ မနေ့က ဖော်ပြထား တာပါ။

လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ ဆက်စပ်သူတွေကိုပါ လိုက်လံဖမ်းဆီးမှုတွေ ရှိနေတယ် လို့ ဒေသခံအချို့က ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့အထိ ဆက်သွယ်လို့ မရပါဘူး။