မြစ်ကြီးနားထောင်က ပြန်လွတ်သူ ၇၀ မှာ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးသာပါဝင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၇၀ ကျော်ထဲမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ထောင်ကျခံနေရသူ ခုနစ်ဦးသာ ပါဝင်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ - က နဲ့ အကျဉ်းချခံနေကြရတဲ့ ဦးချစ်၊ ကိုကြည်စိုး၊ ကိုတင်မင်းထွန်း၊ ကိုဆန်းကျော်ဦး၊ ကိုဂျက်မား၊ ကိုဝေနဲ့ ကိုပြည့်ဖြိုးအောင် (ကိုပြည့်) တို့ဖြစ်ပြီး သူတို့ဟာ လွတ်ရက်စေ့ဖို့ လပိုင်းသာ ကျန်တော့တယ်လို့ လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ကိုပြည့်တို့ဆို လာမယ့်နှစ် အစောပိုင်းမှာ လွတ်ရက်စေ့ပြီလို့ သိထားတာ။ အခုတော့ စောပြီးပြန်လွတ်လာတာပေါ့။ လွတ်တဲ့သူ ၇၀ ကျော်ပဲ အဲဒီထဲမှာ နိုင်ကျဉ်း ခုနစ်ဦး ပဲပါတာ။ ကျန်တာတွေက ခိုးမှု၊ ဆေးမှု တခြားဟာတွေပေါ့"

အဲဒီနိုင်ငံရေး အကျဉ်းသားတွေဟာ အာဏာသိမ်း စစ်ကောင်စီကို မထောက်ခံကြောင်း ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် နေအိမ်တွေမှာ အသီးသီးဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခံဝန်ကတိထိုးခိုင်းပြီး ဒီနေ့ နေ့လယ် ၂ နာရီခွဲမှာ လွှတ်လိုက်တာလို့လည်း ပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ ကချင်ပြည်နယ်ထဲက NLD ပါတီဝင်တွေ၊ NLD ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။

စစ်ကောင်စီက ၁၀၂ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသား ၅၇၇၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း ဒီနေ့ ကြေညာခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။