အာဏာသိမ်းပြီးနောက် နိုင်ငံစီးပွားရေးကျဆင်းခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၇ ရက် မနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရတစ်ရပ်မှာ တာဝန်ရှိပြီး စစ်ကောင်စီက တာဝန်ယူပြီးနောက် နိုင်ငံ့စီးပွားရေးတိုးတက်မှုတွေ တုံ့ဆိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အနုတ်လက္ခဏာပြနေတယ်လို့ ပြောဆို ခဲ့သလို နိုင်ငံစီးပွားရေး ကျဆင်းနေတယ်ဆိုပေမယ့် မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုတွေ ပြည်ပကိုတင်ပို့နိုင်ခဲ့လို့ ဆိုးဆိုးဝါးဝါးတော့ မထိခိုက်ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေက တစ်နှစ်ထက် တစ်နှစ်ပိုမိုဆိုးဝါးလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု(ISP-Myanmar) က စက်တင်ဘာလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ပထမ ခုနစ်လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံဝင်ရောက်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ပထမ ခုနစ်လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့တယ်လို့ ISP –Myanmar က ထောက်ပြပါတယ်။
ဒီအပြင် ကမ္ဘ့ဘဏ်ကလည်း ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ၂၀၂၂ ခုနှစ်အတွင်း ရှိနေရမယ့်ပမာဏထက် ၃၀ ရာခိုင်နှုန်း သေးငယ်သွားနိုင်တဲ့အတွက် ဒါဟာ အလွန်အားနည်းတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။