အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်ဟာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် တွေက ပြောပါတယ်။
"ဩဂုတ်လ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် ၂၁ မိုင်ဂိတ်မှာ အဖမ်းခံရတဲ့ မိုးညှင်း အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်ဟာ စစ်ကောင်စီရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် စစ်ကြောရေးမှာ ကွယ်လွန်သွားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ကတစ်ဆင့် သိရတယ်။ မိသားစုကို ရုပ်အလောင်း ပြန်မပေးသလို ဘယ်နေ့၊ ဘယ်ရက်က ကွယ်လွန်သလဲ၊ ဘယ်မှာ သင်္ဂြိုဟ်လဲဆိုတာ အကြောင်း မကြားတဲ့အတွက် ကွယ်လွန်တဲ့ရက်ကို အတိအကျ မသိရပါဘူး" လို့ NLD ပါတီဝင် ကချင်ပြည်နယ် နမ္မတီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ဒီနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာမှာ အတည်ပြု ရေးသား ထားပါတယ်။
သေဆုံးသွားတဲ့ ဦးမျိုးမျိုးကျော်ဟာ ဖားကန့်ဆန္ဒပြခေါင်းဆောင် ကိုစိုင်းမောင်နဲ့အတူ မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်မှာ ဩဂုတ်လ ၂၄ ရက်နေ့က အဖမ်း ခံလိုက်ရတာပါ။
စစ်ကောင်စီတပ်က ဦးမျိုးမျိုးကျော်တို့ နှစ်ဦးကို ဖမ်းဆီးချိန်က ဖုန်းထဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ငွေတိုက်စာချုပ်တွေ၊ PDF နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေ တွေ့ရှိတာကြောင့် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ရင်း လက်လွန်သေဆုံးသွားတာလို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖမ်းဆီးခံရပြီး တစ်လကြာတဲ့အထိ အဆက်အသွယ် လုံးဝမရတာကြောင့် မိသားစုက ရဲနဲ့ စစ်တပ်အာဏာရှိသူ အဆင့်ဆင့်ထံ ဆက်သွယ်စုံစမ်းရာမှ စစ်ကြောရေးမှာ သေဆုံးသွားပြီ ဆိုတာကို ကြားသိရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဦးမျိုးမျိုးကျော်ရဲ့ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
"ကိုမျိုးကျော် ဆုံးတယ်ဆိုတာ စက်တင်ဘာလ ပထမပတ်ထဲက ကြားတာပါ။ ပုံမှန်ဆို အဖမ်းခံလိုက်ရင် အနီးစပ်ဆုံး ဘယ်မှာဖမ်းထားတယ်ဆိုတဲ့ သတင်းကြားရတာ။ အခုက ဘာမှကို မကြားရသလို ဘယ်မှာဆုံးတာလဲ၊ ဘယ်အချိန်က ဆုံးတာလဲ၊ မိသားစုတွေကို အကြောင်းကြားတာ မရှိဘူး"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG၊ CRPH၊ PDF အဖွဲ့တွေကို ငွေကြေး ထောက်ပံ့တာ၊ ငွေတိုက်စာချုပ် ဝယ်ယူတာ၊ ထီထိုးတာ၊ Online ပေါ်ကနေ ငွေကြေး လှူဒါန်းတာတွေဟာ နိုင်ငံရေးပုဒ်မကနေ အကြမ်းဖက်ပုဒ်မတွေထိ တရားစွဲနိုင်ပြီး အနိမ့်ဆုံး ထောင်ဒဏ်ကနေ အမြင့်ဆုံး သေဒဏ်ထိ အပြစ်ပေးလို့ရကြောင်း စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခြိမ်းခြောက်သွားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း ၁၉ လကျော်အတွင်း တစ်နိုင်ငံလုံးမှာ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူ ၂,၃၈၃ ဦး သေဆုံးပြီး ၁၂,၄၅၆ ဦး ဖမ်းဆီးခံထားရပါတယ်။