နမ့်ဆန်တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ဝန်းကျင်ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ထဲမှာ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံ ၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၉ ရက်၊ ဒီနေ့ RFA ကို ပြောပါတယ်။

နမ့်ဆန်မြို့နယ်ထဲက ကုန်းသာ၊ မန်လုံ၊ တာလိုင်၊ ဟူးမန်း၊ ဆာမ်ငန်း စတဲ့ ရွာငါးရွာက ဒေသခံတွေဟာ ဇယန်းကြီးရွာ၊ မန်ဖတ်ရွာနဲ့ ကယားကြီးရွာတွေဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြတယ်လို့ ဆိုပါတယ်။

ဇယန်းကြီးရွာ ဘုန်းတော်ကြီးကျောင်းမှာတော့ ဒီနေ့ နေ့လယ်ပိုင်းအထိ မန်လုံနဲ့ ဟူးမန်းရွာက ဒေသခံ ၁၁၅ ဦး ရောက်နေပြီး ထပ်မံရောက်လာနေသူတွေလည်း ရှိသေးတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ ကုန်းသာရွာက လူဦးရေ ၂၀၀ လောက်ကတော့ ဒီနေ့ နေ့လယ်ပိုင်းအထိ ဒုက္ခသည်စခန်းတွေကို ထွက်မလာနိုင်ဘဲ ‌တောတောင်တွေထဲမှာပဲ ပိတ်မိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဇယန်းကြီးရွာသားတစ်ဦးက ပြောပါတယ်။

"ဒီမနက် ဟူးမန်းနဲ့ မန်လုံက ကားသုံးစီးနဲ့ ဝင်လာတာ ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ရှိတယ်။ ကုန်းသာရွာကတော့ လုံးဝထွက်လို့မရသေးဘူး။ တောထဲမှာ ထမင်းလည်း ငတ်နေတယ်တဲ့"

ဒီနေ့ နေ့လယ်ပိုင်းအထိ ထွက်ပြေးနေသူတွေရှိနေသေးတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လူဦးရေစာရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ထွက်ပြေးလာသူတွေကိုတော့ နမ့်ဆန်မြို့အခြေစိုက် ပရဟိတအသင်းနဲ့ ဒေသခံအချို့က အကူအညီပေးဖို့ ပြင်ဆင်နေကြတယ်လို့ နမ့်ဆန်မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး နမ့်ဆန်နဲ့ မန်တုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်နေတယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

သုံးရက်တာ တိုက်ပွဲအတွင်းမှာ နှစ်ဖက် ကျဆုံးထိခိုက်မှုရှိပေမယ့် အတိအကျကိုတော့ ပြောလို့မရသေးဘူးလို့ သူကဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား အရင်က တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ခဲ့တာ မရှိဘဲ အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ရုတ်တရက် ပြင်းထန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။