နမ့်ဆန်တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၅၀၀ ကျော် အကူအညီတွေလိုအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဟူးမန်းနဲ့ ပန်ဖတ်ရွာတွေမှာ ခိုလုံနေရတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေး ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်ကစလို့ ခြောက်ရက်အကြာဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ကုန်းသာ၊ ဆာမ်ငမ်း၊ မန်လုံး၊ ဟူးမန်းနဲ့၊ ပန်လော့ စတဲ့ ရွာငါးရွာက ဒေသခံ ၁၇၀၀ ကျော်ဟာ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရွာမှာ လူဦးရေ ၁၂၀၀ ကျော်၊ ဟူးမန်းရွာမှာ လူဦးရေ ၄၀၀ ကျော်နဲ့ ပန်ဖတ်ကျေးရွာမှာ လူဦးရေ ၁၀၀ ကျော် ခိုလှုံနေကြတာပါ။

ဇယန်းကြီးရွာ ဒုက္ခသည်စခန်းမှာ အကူအညီတွေ ထိုက်သင့်သလောက်ရပေမယ့် ဟူးမန်းနဲ့ ပန်ဖတ်ရွာက ဒုက္ခသည်စခန်းတွေမှာတော့ အကူအညီတွေ ရောက်မလာဘူးလို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေတဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဟူးမန်းနဲ့ ပန်ဖတ်ရွာမှာက ပြေးလာသူက နည်းတော့ လူသိပ်မသိကြဘူးပေါ့နော်။ အကူအညီရတာလည်း နည်းတယ်။ အဓိက စားသောက်ကုန်နဲ့ ဆေးဝါးတွေပေါ့။ ပြီးတော့ အခင်းတွေလည်း လိုတယ်၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်း လိုအပ်တာပေါ့နော်"

ဒီဇင်ဘာလ ၁၄ ရက် မနေ့ကတော့ ကုန်းသာနဲ့ မန်လုံးရွာက ပျောက်ဆုံးနေတဲ့ ရွာသား ၄၀ ကျော်လည်း သူတို့နေရပ်ကို ပြန်ရောက်လာကြပြီလို့ ဒေသခံတွေက ပြောတယ်။

ဒါပေမဲ့ တောထဲမှာကျန် နေတဲ့သူ အနည်းငယ်ရှိနိုင်သေးတာကြောင့် ပျောက်နေသူ အရေအတွက်ကို အတိအကျ ပြောလို့မရသေးဘူးလို့ ဇယန်းကြီးရွာက စစ်ဘေးဒုက္ခသည် အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

နေအိမ် ၆၀ နီးပါးရှိတဲ့ ကုန်းသာရွာမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး အဲဒီရွာက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့လည်း အချိန်ယူရဦးမယ်လို့ သူက ဆိုပါတယ်။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ရွာတွေမှာ မိုင်းနဲ့ လက်နက်ကြီး အကြွင်းအကျန်တွေကို ရှင်းလင်းနေတယ်လို့ RFA ကိုပြောပါတယ်။

နမ့်ဆန်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ လောက်ကို ရဟတ်ယာဉ် ငါးစီးနဲ့ လာရောက်ချထားခဲ့တာကနေ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ တိုက်ပွဲက ဒီဇင်ဘာ ၁၂ ရက်ထိ ခြောက်ရက်တာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာက အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။