ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်နန္ဒမာလာကို လှိုင်မြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
ငွေကျပ်သိန်းတစ်သောင်းနဲ့ အာမခံပေးလိုက်တာဖြစ်ပြီး ဒီနေ့မှာ အာမခံငွေ အပြည့်မပါတာကြောင့် အင်းစိန်ထောင် မှာ ဆက်လက်ချုပ်နှောင်ထားဦးမှာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ဇန်နဝါရီလ ၂၈ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဒေါ်နန္ဒမာလာဟာ လူတချို့ဆီကနေ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ရယူထားတာကြောင့် မင်္ဂလာဒုံ၊ လှိုင်နဲ့ မဟာအောင်မြေရဲစခန်းတို့မှာ ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့က အမြန်လမ်းပေါ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဒေါ်နန္ဒမာလာ (ခေါ်) ဒေါ်စောမြင့်ကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ခရေပင်ရိပ်မွန် အိမ်ရာမှာ ဗေဒင်ဟောခန်းဖွင့်ထားပြီး လာရောက်မေးမြန်းသူတွေဆီကနေ ငွေကြေးရယူခဲ့တာလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။