နမ္မတူမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ခိုဖိတ်ရွာအနီးမှာ မတ်လ ၃ ရက်နေ့က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားမိလို့ ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ်ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။

ကလေးတွေက ရွာအနီးမှာ ဆိတ်ကျောင်းရင်းတွေ့တဲ့ လက်နက်ကြီးကို ဆော့ကစားရကနေ ပေါက်ကွဲမှုဖြစ်ပြီး ၁၃ နှစ်အရွယ် ကလေးတစ်ဦးက နေရာမှာတင် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးတွေက ဆိတ်ကျောင်းရင်းနဲ့ အဲဒီလက်နက်ကြီးကျည်ကိုဆော့မိတာ။ တစ်ယောက်က နေရာမှာ ပဲ သေသွားတယ်။ နောက်တစ်ယောက်က လက်မှာရော၊ ခန္ဓာကိုယ်တစ်ခုလုံးထိသွားလို့ လားရှိုးဆေးရုံကို ပို့ထားတယ်”

ကလေးငယ်တွေ ထိခိုက်မှုဖြစ်ခဲ့တဲ့ ခိုဖိတ်ရွာ အနီးမှာ စစ်ကောင်စီရဲ့ ခလရ (၃၂၄) တပ် တည်ရှိပြီး နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း အဲဒီနေရာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကာလအတွင်း ကျန်နေတဲ့လက်နက်ကြီး အကြွင်းအကျန်တွေနဲ့ မြေမြှုပ်မိုင်းတွေလည်း မရှင်းလင်း ရသေးဘူးလို့လည်း ဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပေါက်ကွဲလို့ ခုနစ်ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။