နေပြည်တော်မှာ ရင်းနှီးမြှုပ်နှံသူတွေ အခွန် ငါးနှစ် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြော

စစ်ကောင်စီရဲ့ ရုံးဌာနတွေအခြေစိုက်ရာ နေပြည်တော်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် သူတွေကို ဝင်ငွေခွန် ငါးနှစ် ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နိုဝင်ဘာ ၁၈ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ရင်းနှီးမြှုပ်နှံမှု ပြုမယ်ဆိုရင်လည်း လုပ်ငန်းစတင်ချိန်ကနေ ငါးနှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့် လျှောက်ထားခံစားနိုင်မှာဖြစ်ပြီး အခွန်ဆိုင်ရာ သက်သာခွင့်ပေးလျက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်"

စစ်ကောင်စီအနေနဲ့ နေပြည်တော်မှာ စက်မှုကဏ္ဍ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ အဆင့်မြင့် ပညာရေး ဝန်ဆောင်မှု၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံနိုင်မယ့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ရှာဖွေနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေရာဟာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံလမ်းမမှာ တည်ရှိနေတဲ့ အချက်အချာဒေသဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရကတော့ နေပြည်တော်ဟာ လျှပ်စစ်မီး၊ လမ်းတံတားနဲ့ အခြေခံ အဆောက်အအုံတွေ အပြည့်အစုံရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

နေပြည်တော်အပါအဝင် မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ဒေသပေါင်း ၁၅ ခုလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေဟာ နေ့စဉ်လိုလို ပေါ်ပေါက် နေဆဲဖြစ်ပါတယ်။