နေပြည်တော်က လူငယ်ခြောက်ဦးကို စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2024.02.20
နေပြည်တော်က လူငယ်ခြောက်ဦးကို စစ်ကောင်စီ ဖမ်းဆီး နေပြည်တော်၊ သပြေကုန်းအဝိုင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက တွေ့ရစဥ်။
Citizen Journalist

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က စားသောက်ဆိုင်တစ်ခုမှာထိုင်နေတဲ့ လူငယ် ခြောက်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လယ်ဝေးမြို့နယ်မှာနေထိုင်ကြတဲ့ အသက် ၁၆ နှစ်အရွယ် ကိုထွန်းဦး၊ ကိုခန့်ညားအောင်၊ ကိုရန်လင်းအောင်နဲ့ ကိုသက်နောင်ထွန်းနဲ့ နောက်ထပ်လူငယ် နှစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရပြီး လေးရက်ကြာတဲ့အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းခံရတဲ့ လူငယ်လေးဦးက သူတို့ဘာသာ ထိုင်နေတဲ့အချိန် အရပ်ဝတ်နဲ့ လူ ဆယ်ဦးလောက်က ဝင်ဖမ်းသွားတာ။ သူတို့ဖုန်းတွေကို သိမ်းတယ်လို့သိထားပါတယ်။ ဒီနေ့အထိလည်း အဆက်အသွယ်မရသေးဘူး။ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရဘူးဗျ။ စစ်မှုမထမ်းချင်ဘူးပြောလို့ ဖမ်းတယ်လို့ အများက ပြောနေကြပေမယ့် အတည်ပြုဖို့ ခက်နေတယ်”

သူတို့ ဘာကြောင့် အခုလိုဖမ်းဆီးခံရသလဲဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

ဒီလူငယ်တွေဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း လယ်ဝေးမြို့မရဲစခန်းကို မိသားစုဝင်တွေ သွားစုံစမ်းခဲ့ပေမယ့် ဘာမှမသိခဲ့ရဘူးလို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၂၀,၁၄၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၈၇၈၃ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။