အပစ်ရပ် ၇ဖွဲ့နဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံဖို့ စီစဉ်နေ

RFA Burmese
2022.12.08
အပစ်ရပ် ၇ဖွဲ့နဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံဖို့ စီစဉ်နေ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ကို တွေ့ရစဉ်။
NRPC

အပစ်ရပ်တိုင်းရင်းသားအဖွဲ့ ၇ဖွဲ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီဇင်ဘာလအတွင်း တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ဆွေးနွေးသွားမယ်လို့ ဆွေးနွေးပွဲမတိုင်ခင် ပေါက်ကြားလာတဲ့ အပစ်ရပ် ၇ဖွဲ့ရဲ့ စာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ့်အဖွဲ့တွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) တို့ ဖြစ်ပါတယ်။

ဒီအဖွဲ့ ၇ဖွဲ့ရဲ့ တွေ့ခွင့်တောင်းတာကို စစ်ကောင်စီဘက်က လက်ခံထားတဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း စာမှာ ပါရှိပါတယ်။

ကနဦးအလွတ်သဘောတွေ့ဆုံဆွေးနွေးတာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၁၂ရက်နေ့မှာ သိုသိပ်စွာ လုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် တောင်ကြီး ဒါမှမဟုတ် မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၁၅ကနေ ၁၇ ရက်နေ့အထိ နှစ်ဖက်ကိုယ်စားလှယ်တွေ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာတော့ ၂ဝရက်နဲ့ ၂၁ ရက်နေ့တို့မှာ တရားဝင်တွေ့ဆုံညှိနှိုင်းသွားမှာဖြစ်ပြီး ရရှိတဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေကို နှစ်ဖက်အတွက် သင့်တော်တဲ့နေရာနဲ့ အချိန်သတ်မှတ်ပြီး တရားဝင်လက်မှတ် ရေးထိုးသွားမယ်လို့ ဒီအပစ်ရပ် ၇ဖွဲ့ရဲ့ အဆိုပြုချက်အစီအစဉ်တွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဆွေးနွေးပွဲအကြောင်းအရာ အသေးစိတ် သိရဖို့နဲ့ စစ်ကောင်စီနဲ့ ဘယ်လိုသဘောတူညီချက်တွေရဖို့ ရည်ရွယ်တာလဲဆိုတာသိရဖို့ အပစ်ရပ်အဖွဲ့တွေဘက်ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။