NDF ပါတီက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး လာမဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ ပြောဆိုခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက် တချို့ကို သူတို့ပါတီရဲ့ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာရွက်တွေပေါ်မှာ ရိုက်နှိပ်ပြီး ဖြန့်ဝေနေတယ်လို့ မန္တလေးဒေသခံတွေ အပြောအရ သိရပါတယ်။

အဲဒီလို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ရိုက်ထားတဲ့ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာရွက်တွေကို မနေ့က မနက်ပိုင်းမှာ မန္တလေး-ရန်ကုန် ကားလမ်းဘေး ရှိတဲ့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းက လက်ဖက်ရည်ဆိုင်တဆိုင်မှာ NDF ပါတီက ဖြန့်ဝေသွားတာ ဖြစ်ပါတယ်။

အဲဒီ လက်ကမ်း စာရွက်လေးတွေကို ကိုယ်တိုင်လက်ဝယ်မှာ ရရှိထားတဲ့ မန္တလေးသား ဒေသခံတယောက်က ခုလို ပြောပြပါတယ်။

“ရန်ကုန်မန္တလေးလမ်းက ယူနီဆန် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်းလေ၊ စည်းရုံးရေး ဆင်းလာတာပေါ့။ ဒေါက်တာ လှစိုးညွန့်လို့ ပြောတယ်၊ အဲဒီမှာ ဓာတ်ပုံတပုံက ဒေါ်အောင်ဆန်းစုကြည် တစောင်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက်လေးနဲ့ အောက်ကနေပြီးတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု ခမောက်ဘေးမှာ အမှန်ခြစ်လေးနဲ့ တပုံဝေတယ်၊ နောက်တပုံကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ပုံပေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု အမှတ်ခြစ်ကလေးနဲ့ အဲဒီ၂ ပုံ ဝေတယ်ခင်ဗျ။”

အဲဒီလို ဖြန့်ဝေရင်းနဲ့ ဒါ ဒေါ်အောင်ဆန်းစုကြည် ပါတီ၊ ဒေါ်စုရဲ့ ခမောက်လို့ ပါးစပ်က ပြောသွားတယ်လို့ သူက ပြောပါတယ်။

ဒီလို စည်းရုံရေးလုပ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အင်န်အယ်ဒီအက်ဖ် ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကို မေးမြန်းကြည့်တဲ့အခါ ပါတီအနေနဲ့ ဒီလိုလုပ်ဖို့ ပြောဆို ဆုံးဖြတ်ထားတာ မရှိကြောင်းနဲ့ လက်ကမ်းစာစောင် ဖြန့်တဲ့သူက သူ့သဘောနဲ့သူ လုပ်တာ ဖြစ်လိမ့်မယ်လို့ ပြောဆိုပါတယ်။

“ဌာနချုပ်အနေနဲ့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတို့၊ မိန့်ခွန်းတို့ အသုံး ပြုဖို့ ညွန်ကြားထားတာ မရှိပါဘူး၊ ဖြန့်တယ်ဆိုရင် ဖြန့်တဲ့သူရဲ့ တာဝန်သာ ဖြစ်လိမ့်မယ်လေ ၊ အသုံးပြုပြီးတော့ မဲဆွယ် စည်းရုံးခြင်း မရှိပါဘူး၊ ပါတီသဘောထားမှာလည်း မပါပါဘူး၊ NDF က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမပါပဲနဲ့ မိန့်ခွန်းတွေကို အောင်နိုင်ရေးအတွက် သုံးစွဲဖို့ ဘယ်အခါမှ ဆုံးဖြတ်ထားခြင်း မရှိပါဘူး။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း စည်းအဖွဲ့ဝင် ဦးမျိုးနိုင်ကတော့ NDF ပါတီအနေနဲ့ ခုလို မဲဆွယ် စည်းရုံးနေရာမှာ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲဝင်ရေးလိုင်းပေါ်မှာ လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်နဲ့လည်း ဆန့်ကျင်နေပြီး၊ အခုကျမှ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ မိန့်ခွန်းတွေကို သုံးပြီးတော့ ဒါပြည်သူလူထုကို လှည့်စားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အတူတူပါပဲဆိုတဲ့သဘောမျိုး ဆောင်ရွက်နေတာဟာ သက်သက် ပြည်သူလူထုကို လိမ်တာ ဖြစ်သလို နိုင်ငံရေးအရလည်း လိမ်လည်မှုကြီးပါ၊ ဒါမလုပ်သင့်တဲ့ကိစ္စပဲ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ NDF ပါတီရဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သလို အဲဒီပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ လုံးဝပတ်သက် ဆက်နွယ်ခြင်း မရှိကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားပါတယ်။