စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံတစ်သိန်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
မတ်လ ၃ ရက်နေ့ မနက် ၃ နာရီဝန်းကျင်ကလည်း ရွှေဘိုအရှေ့ခြမ်းရွာတွေကို လက်နက်ကြီးနဲ့ အကြိမ် (၂၀) ဝန်းကျင် ပစ်ခတ်ခဲ့တာကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံတွေ ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ရွှေဘိုမြို့အရှေ့ဘက်ခြမ်းက ၁၄ ရွာ၊ အနောက်ဘက်ခြမ်းက ၁၃ ရွာနဲ့ တောင်ဘက်ခြမ်းရှစ်ရွာက ဒေသခံ တစ်သိန်းဝန်းကျင်ဟာ နီးစပ်ရာနဲ့တောစပ်တွေမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်က ရွှေဘိုပတ်ပတ်လည်ကရွာတွေကို စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ပစ်ခတ်တာ ခပ်စိပ်စိပ်ပြန်လုပ်လာတယ်လို့ ရွှေဘိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရှမ်းမြောက်မှာအပစ်ရပ်ပြီး ၁၀ ရက်နောက်ပိုင်းကစပြီး တောက်လျှောက် ရွာတွေကို စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်။ ရွှေဘိုအနီးအနားမှာရှိတဲ့ ရွာတွေကိုဆိုရင် အဲနေရာကနေ PDF တွေခိုပြီး ငါတို့ကို တိုက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ လက်နက်ကြီး တစ်ချိန်လုံးထုနေတော့တာပဲ"
မြို့အနီးအနားရွာတွေက ဒေသခံတွေ အဓိကတိမ်းရှောင်းနေရပြီး အချိန်မရွေး လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ရွာထဲကို ခဏတဖြုတ်ပြန်ဖို့တောင် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ရက်ရှည်တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးစေချင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေဘိုအရှေ့ခြမ်းကနေ ထွက်ပြေးလာရသူတစ်ဦးက RFA ကို ပြောပါတယ်။
"အခုထိ ပြေးနေရတုန်းပဲ။ လေးရက်ရှိပြီ ပြေးနေရတာ။ စားဝတ်နေရေးက ကန့်သတ်ပြီးစားပေါ့။ တစ်နေ့ တစ်နပ်ပဲစားရတဲ့ နေ့တွေလည်းရှိတာပေါ့။ ကျွန်တော်တို့ဘက်က ကူညီတဲ့အဖွဲ့တွေက အလည့်မရောက်သေးတာလားမသိဘူး။ ဖြစ်နိုင်ရင်တော့ ကူညီပေးစေချင်တယ်"
ရွှေဘိုကဒုက္ခသည်တွေကို ဘယ်အဖွဲ့ကမှ ကူညီပေးတာမရှိတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းအရ ရွှေဘိုမြို့နယ်မှာ လူဦးရေ နှစ်သိန်းကျော်နေထိုင်ပြီး မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၄၀) နဲ့ (၄၂) တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။