ရန်ကုန်တိုင်း တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဂ္ဂင်လမ်းက ဆံပင်ညှပ်ဆိုင် တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်း ၁၅ ဦးအပါအဝင် လူငယ် ၃၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၆ ရက် မနေ့ည ၁၀ နာရီ၀န်းကျင်လောက် ဧည့်စာရင်းကို အကြောင်းပြပြီး ဖမ်းဆီးသွားတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အဆောင်နေကြတဲ့ လူငယ်တွေဖြစ်ပြီး တစ်နာရီနီးပါး စစ်ဆေးခဲ့ပြီး တဲ့နောက် ဧည့်စာရင်း မတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်ထဲ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဧည့်စာရင်းမတိုင်လို့ဖမ်းတာ။ စစ်ကားအကြီး သုံးစီးပါတယ်။ ပထမကားတစ်စီးမှာ ယောကျ်ားလေး ခုနစ်ယောက်လောက် ပါသွားတယ်။ နောက်အစီးတွေမှာတော့ ပိုများတယ်။ စစ်ကားသုံးစီးအပြင် ကားအသေး တွေလည်းပါတယ်။ အဲနေရာက အဆောင်တွေရှိတယ်။ အဆောင်မှာနေတဲ့သူတွေ ဖြစ်ဖို့များတယ်”
ဆံပင်ညှပ်ဆိုင်က အဆောင်နေအမျိုးသမီး ၁၅ ဦးဟာ အရင်ရက်တွေက ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးကို သွားခဲ့ပေမယ့် တိုင်ကြားခွင့်မရခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံလိုက်ရတဲ့ လူအရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီကနေ့မနက်ပိုင်းမှာလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက်ထဲက ဗိုလ်မင်းရောင်လမ်းထဲကို စစ်ကောင်စီတပ်သားတွေ လာရောက်ရှာဖွေခဲ့တယ်လို့လည်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ ထပ်ပြီး လာရှာတာဟာ မနေ့ညက ဖမ်းဆီးခံရသူတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။