ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ မြန်မာအရေးကို မျက်စိမှိတ် ပစ်ပယ်မထားဖို့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Jacinda Ardern က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက အရမ်းရက်စက်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ အာဆီယံထိပ်သီးညီလာခံအပြီး နယူးဇီလန်သတင်းဌာန တစ်ခုနဲ့ မေးမြန်းခန်းမှာ ဝန်ကြီးချုပ်က ပြောခဲ့တာ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံအနေနဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ထိုးတာကို ရှုတ်ချသလို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကိုလည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။
ကမ္ဘာကြီးမှာ ဒီကနေ့ ပဋိပက္ခမျိုးစုံနဲ့ ကြုံနေရသလို မြန်မာပြည်အရေးဟာလည်း ဒေသတွင်းအတွက် အရေးကြီးတဲ့ ကိစ္စလို့ သူကထောက်ပြပါတယ်။
အရပ်သားပြည်သူတွေနဲ့ စာသင်ကျောင်းတွေပေါ် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်နေတာတွေအပေါ် အလွန်စိုးရိမ်တယ်လို့လည်း ဝန်ကြီးချုပ် Jacinda Ardern ကပြောပါတယ်။
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေကို မြန်မာစစ်ကောင်စီက သေဒဏ်ပေးတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိသလို ဒေသတွင်းမှာ အမဲစက်ကျန်နေခဲ့တယ်လို့လည်း ပြောပါတယ်။
နယူးဇီလန်အစိုးရအနေနဲ့ မြန်မာ့အရေးဟာ အရေးကြီးတယ်လို့ ယူဆထားပြီး ဘယ်တော့မှ ပစ်ပယ်မထားဘူးလို့လည်း ဆိုပါတယ်။