တမူးမြို့ခံ ကိုးဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်းဆီး

စစ်ကိုင်းတိုင်း တမူးမြို့ပေါ်မှာ သုံးရက်အတွင်း ဒေသခံ ကိုးယောက် ဖမ်းဆီးခံရတယ်လို့ တမူးမြို့နယ် တော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ Central Intelligence Agency က RFA ကို ဒီနေ့ ပြောပါတယ်။

အဖမ်းခံရသူတွေက လုပ်ငန်းရှင်တွေဖြစ်တဲ့အတွက် ငွေညှစ်ဖို့နဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ CIA ဒါရိုက်တာက RFA ကိုပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ တမူးမြို့ပေါ်ကနေ ဒီဇင်ဘာ ၉ ရက်နေ့မှာ သုံးဦး၊ ၈ ရက်နေ့မှာ တစ်ဦးနဲ့ ၇ ရက်နေ့မှာ ငါးဦး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ CIA အဖွဲ့က ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်မှု မရှိတဲ့ တမူးမြို့က အပြစ်မဲ့ဒေသခံ ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုဖွင့် တရားစွဲဆိုထားတာကို ရပ်တန်းကရပ်ဖို့ Central Intelligence Agency က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒီနေ့ သတိပေးလိုက်ပါတယ်။

အခုအဖမ်းခံလိုက်ရတဲ့သူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တာ၊ ပတ်သက်ဆက်နွယ်တာ တစ်စုံတစ်ရာလုပ်ဆောင်တာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ အဖမ်းခံရသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကို RFA ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ဖမ်းဆီးခံရသူတွေဟာ စစ်တပ်အာဏာစသိမ်းချိန်က CDM တွေကို ထောက်ပံ့ကူညီခဲ့သူတွေ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒေသခံ ကိုးဦးဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။