NLD အစိုးရလက်ထက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို စစ်ကောင်စီထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်ပါတယ်။
စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိလိုက်စားမှုပုဒ်မနှစ်ခုအတွက် တစ်မှုကို ထောင်ရှစ်နှစ်နဲ့ နောက်တစ်မှုအတွက် ထောင် ၁၂ နှစ်ချလိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။ ထောင်တွင်းတရားရုံးမှာ အမှုစီရင်တာဖြစ်လို့ ဘာပုဒ်မတွေနဲ့ ချမှတ်လာလဲဆိုတာ သေချာမသိဘူးလို့ ပြောပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့နေ့မှာ ပထမဆုံး ဖမ်းဆီးခံရတဲ့သူတွေထဲ ဦးဘိုဘိုငယ်လည်း ပါပါတယ်။ သူ့ကို ဖမ်းသွားပြီးနောက် စစ်ကောင်စီက အချိန်တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးမှ အမှုဖွင့်တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ကြေညာချက်မှာတော့ ဦးဘိုဘိုငယ်ဟာ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်ရ ဘဏ်တွေအပေါ် ကြီးကြပ်မှုအားနည်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အသေးစားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး (SMED) ဘဏ်ကို ဝင်ရောက်လာတဲ့ ဒေါ်လာငွေတွေကို ဗဟိုဘဏ်က မကြီးကြပ်နိုင်ဘဲ Open Society Myanmar- OSM ရဲ့ ငွေစာရင်းကို ထည့်သွင်းပေးခဲ့တဲ့အတွက် အခွန်ငွေမကောက်ခံနိုင်ဘဲ နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။
ဦးဘိုဘိုငယ်ဟာ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ်ကနေ စီးပွားရေးဆိုင်ရာ မဟာဘွဲ့၊ ဗြိတိန်နိုင်ငံကနေ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့တွေ ရရှိထားသူ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက် ပြည်ပရောက် မြန်မာတတ်သိပညာရှင်တွေကိုဖိတ်ခေါ်ချိန်မှာ ဦးဘိုဘိုငယ်လည်း မြန်မာပြည်ပြန်လာခဲ့ပြီးနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် NLD အစိုးရရဲ့ တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသူတစ်ဦး ဖြစ်တယ်လို့ မကြာသေးခင်က စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ NLD အစိုးရ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနဲလ်က ABC သတင်းဌာန (Albany) နဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
ဦးဘိုဘိုငယ်မတိုင်ခင်က ကမ္ဘောဇဘဏ် (KBZ) ဟာ နိုင်ငံတကာအဆင့် လည်ပတ်နေတဲ့ တစ်ခုတည်းသောမြန်မာဘဏ် ဖြစ်ခဲ့ပေမယ့် ဦးဘိုဘိုငယ်လက်ထက်ကျမှ နိုင်ငံတော်ဗဟိုဘဏ်က တခြားနိုင်ငံတွေမှာ ငွေစာရင်းတွေ ထပ်မံဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေကြတဲ့ အဓိကပုဂ္ဂိုလ်အားလုံး ဖမ်းဆီးအကျဉ်းချခံထားရချိန်မှာ အကျင့်ပျက်ဘဏ်လုပ်ငန်းရှင်တွေကတော့ လွတ်မြောက်နေပြီး ငွေကြေးခဝါချနေကြတာဟာ အင်မတန် တရားမျှတမှုကင်းမဲ့လွန်းတယ်လို့လည်း ပါမောက္ခရှောင်တာနဲလ်က ပြောပါတယ်။