ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်ကို စစ်ကောင်စီက ပုသိမ်ထောင်တွင်းတရားရုံးကနေ နိုင်ငံတော်ပုန်ကန်မှုပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
ဒေါက်တာတင်မင်းထွဋ်ဟာ ၂ဝ၂၁ ခုနှစ် မေလ ၁၅ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ နိုင်ငံတော်ပုန်ကန်မှုကို သတင်းထိန်ချန်မှု ပုဒ်မ-၁၂၄ တို့နဲ့ စစ်ကောင်စီက တရားစွဲခံထားရတာပါ။
ဘယ်ပုဒ်မအတွက် ထောင်ဘယ်နှနှစ် ချမှတ်တာလဲဆိုတာကိုတော့ အတိအကျမသိရဘူးလို့ ဒေါက်တာတင်မင်းထွဋ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သူဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အဲဒီတုန်းကလည်း ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုမခံရဘဲ အဖမ်းခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။
၂ဝ၁၂ နဲ့ ၂၀၁၅ တို့မှာတော့ ရွေးကောက်ပွဲမဝင်ဘဲ ပါတီတာဝန်တွေကိုသာ ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲမှာတော့ ပန်းတနော်မြို့နယ် အမှတ် ၁ တိုင်းကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမယ်လို့ ရေပန်းစားခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ စာရင်းတွေအရ ၂၀၂၁ အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့ထိ NLD ပါတီဝင်တွေ အပါအဝင် လူပေါင်း (၁၃၁၁၆) ယောက် အဖမ်းခံထားရပြီး အဲဒီထဲမှာ ၁၇၇၈ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။