လူမျိုးတုံးသတ်ဖြတ်ဖို့ကြံရွယ်ပြီး စစ်တပ်က ရာဇဝတ်မှုကျူးလွန်နေကြောင်း NLD ပါတီထုတ်ပြန်

အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကြံရွယ်တဲ့ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်တပ်ကို အရေးယူပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းက ကလေးငယ် ၇ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ရတာ၊

KIO အထိမ်းအမှတ်ပွဲကို တိုက်ခိုက်ခဲ့တာကြောင့် ကချင်အနုပညာရှင်တွေ အပါအဝင် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကြံရွယ်တဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ NLD ပါတီက ထောက်ပြထားပါတယ်။

စစ်တပ်ဟာ ဒီကနေ့အထိ နေ့တိုင်း အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ အောက်တိုဘာ ၂၄ ရက် မနေ့ကအထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် လူပေါင်း ၂၃၈၈ ယောက်သတ်ဖြတ်ခံခဲ့ရပြီး၊ လူပေါင်း ၁၆၀၀၀ နီးပါးဖမ်းဆီးခံခဲ့ရပါတယ်။