NLD အစိုးရအဖွဲ့ဝင်တွေရဲ့ အယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပယ်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး အပါအဝင် နေပြည်တော်ကောင်စီမှာ တာဝန်ယူခဲ့သူတွေပေါ် ထောင်ဒဏ်ချမှတ်ခံထားတဲ့ အမှု ၁၂ မှုရဲ့ အယူခံကို စစ်ကောင်စီရဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မှာ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအယူခံဟာ NLD အစိုးရလက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့အပေါ် ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ အမှု ၁၂ မှုအတွက်ဖြစ်ပါတယ်။

သူတို့ရဲ့ရှေ့နေတွေကတော့ အယူခံပယ်ချခံရတာကြောင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ “အထူးအယူခံ” ဆက်တက်ဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ထောင်ချခံထားရတဲ့ အမှု ၁၂ မှုစလုံးဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အမှုတွေဖြစ်ပြီး ဝန်ကြီးဦးမင်းသူက တစ်မှု၊ ဒေါက်တာမျိုးအောင်က ငါးမှု၊ ဦးရဲမင်းဦးက ငါးမှုနဲ့ နေပြည်တော်စည်ကော်မတီ ဦးမင်းသူက တစ်မှုပါဝင်ပါတယ်။

ဒေါက်တာမျိုးအောင်ကိုတော့ အခုအယူခံတက်တဲ့ အမှုငါးမှုမှာ တစ်မှုကို သုံးနှစ်စီနဲ့ ထောင် ၁၅ နှစ်၊ ဦးရဲမင်းဦးက အမှုငါးမှုအတွက် ထောင် ၁၅ နှစ်၊ ဝန်ကြီးဦးမင်းသူက တစ်မှုအတွက် ထောင်သုံးနှစ်၊ စည်ပင်ကော်မတီဝင် ဦးမင်းသူက တစ်မှုအတွက် ထောင်သုံးနှစ် အသီးသီး ချမှတ်ခံထားရတာပါ။

ဒေါက်တာမျိုးအောင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က ရာဇတ်သတ်ကြီးပုဒ်မ - ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က အဂတိအမှုတွေနဲ့ ထောင် ၁၅ နှစ်နဲ့ သြဂုတ်လ ၁၅ ရက်နေ့က အဂတိအမှုနဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရပြီးဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ် ကျခံရမှာဖြစ်ပါတယ်။

ဦးရဲမင်းဦးကတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ အဂတိမှုတွေနဲ့ ထောင် ၁၅ နှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ အဂတိမှုနဲ့ပဲ ထောင်သုံးနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ အဂတိအမှုနဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရပြီးဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ကျခံရမှာပါ။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကတော့ အမှုနှစ်ခုနဲ့ စုစုပေါင်းထောင်ဒဏ် ၆ နှစ်ချမှတ် ခံထားရပါတယ်။

ဒေါက်တာမျိုးအောင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (CEC) တစ်ဦးဖြစ်သလို NLD အစိုးရ လက်ထက်မှာ နေပြည်တော်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဦးရဲမင်းဦးကတော့ NLD အစိုးရလက်ထက်မှာ နေပြည်တော် ဒု-မြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ စတဲ့တာဝန်တွေကို ယူခဲ့သူဖြစ်ပါတယ်။