၂၀၂၀ အမတ်လောင်းရွေးချယ်ရေး NLD စဉ်းစားနေ

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စတင်စဉ်းစားနေပြီဖြစ်ပါတယ်။

ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီးမဲပေးခဲ့ရာမှာ ကိုယ်စားလှယ်တွေအပေါ် ပြည်သူလူတွေက ထင်သလောက်အားမရတဲ့ ပြဿနာတွေရှိခဲ့တာကို ပါတီခေါင်းဆောင်တွေ သတိထားမိတယ်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ရှင်က ပြောပါတယ်။

ဒါဟာ လူပုဂ္ဂိုလ်ပြဿနာရှိလာတယ်လို့ မြင်တဲ့အတွက် ဒီတစ်ကြိမ်မှာ လူတော်တွေကို စိစစ်ရွေးချယ်သွားမှာဖြစ်တယ် လို့ သူက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး မဲပေးဖို့ စည်းရုံးခဲ့ပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူကိုကြည့်ပြီး ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်ဖို့ NLD ပါတီတွင်း ဆွေးနွေးချက်တွေ ရှိနေပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အစီအစဉ် ဘယ်တော့အစပြုမယ် ဆိုတာကိုတော့ ဦးအောင်ရှင်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ပါတီအပေါ် သစ္စာရှိပြီး အစဉ်အလာအရ နာမည်ကောင်းခဲ့သူတွေ၊ လူတော်တွေကိုသာ ရွေးချယ်သွားမှာဖြစ်သလို လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေထဲက ထက်ဝက်ကျော်ကို ပြောင်းလဲသွားမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ငွေကြေး၊ စည်းရုံးနိုင်တဲ့လူအင်အားနဲ့ မဲဆွယ် စည်းရုံးခွင့်ရမယ့် အချိန်တွေကို စနစ်တကျ စီမံဆောင်ရွက်သွားဖို့ ပါတီတွင်း ဆွေးနွေးဆောင်ရွက်နေပြီလို့ ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဘယ်လမှာ ကျင်းပမယ်ဆိုတာကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြောတာ မရှိသေးပါဘူး။

လက်ရှိမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီအရေ အတွက်ဟာ ၉၅ ပါတီရှိနေပါတယ်။

အဲဒီထဲက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစညကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)