ထွက်ပေါ် တိုင်း/ပြည်နယ်လွှတ်တော် အကြီးအကဲအမည်စာရင်း အတည်မပြုနိုင်ကြောင်း NLD ပြော


2016.02.06
nld-mp-620.jpg လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွေကို ချိတ်ပိတ်ပေး ပို့ထားတဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းတွေကို ဒီနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က NLD ရုံးတွေမှာ ဖွင့်ဖောက်ဖတ်ရှုခဲ့ကြပြီး၊ ထွက်ပေါ်နေတဲ့ အမည်စာရင်းတွေကိုတော့ အတည်မပြုနိုင်ကြောင်း NLD တာဝန်ရှိသူတွေ က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရှေ့မှာ ဒီနေ့မနက် ဖွင့်ဖောက်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"ပြောလို့မရဘူးဗျာ၊ သူတို့ကလည်းပိတ်လိုက်တာကို၊ အထက်က အန်ကယ်လ်တို့ကို ချပြတာပေါ့နော်၊  ဒီဟာတွေ လိုက်နာပြီး ဒီလိုလုပ်ဖို့ဆိုတာ၊ အဲ့ဒါလေးကို သူတို့အမိန့်ပေးတဲ့သဘောပါပဲ၊ အများရဲ့သဘောတူဆိုတော့ အားလုံးကလက်ခံရမယ့် အနေအထားပါ၊ အထက်က အကုန်လုံးကို ကြည့်ပြီးလေ့လာပြီးတော့ တာဝန်ပေးလိုက် တာပေါ့လေ၊ အန်ကယ်လ်တို့လည်း လက်ခံပါတယ်"

အင်တာနက်လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးရဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ လွှတ်တော်အစည်းဝေးတွေပြီးမှသာ အပြီးသတ်အဖြေကိုရမှာဖြစ်တာကြောင့် အခုထွက်ပေါ်နေတဲ့ သတင်းတွေကို အတည်ပြုပေးလို့မရဘူးလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ပြော ပါတယ်။

"ကျနော်တို့ ပါတီအနေနဲ့တော့ တရားဝင်အတည်မပြုပေးနိုင်ပါဘူးခင်ဗျ၊ ဘာကြောင့်လဲဆိုတော့ ဗဟို စီအီးစီကနေပြီးတော့ အန်ကယ်လ် ဦးဝင်းထိန်က၊ ကျနော်တို့ အတည်မပြုပေးနိုင်ပါဘူး လို့ ဖြေထားပါတယ်၊ လွှတ်တော်က ဖေဖော်ဝါရီ ၈ ရက်နေ့ကျမှ တပြိုင်နက် ကျင်းပမှာပေါ့လေ၊ အဲ့လိုကျင်းပပြီး ထွက်လာတဲ့ရလဒ်ကမှ ဒါအတည်ဖြစ်မှာပါ၊ တကယ်လုပ်မယ့်နေ့မနက်အထိ ဗဟိုက အချိန်မရွေးပြောင်းလို့ရတယ်ဗျ၊ အားလုံးကလည်း အထက်နဲ့အောက်နဲ့ တိုင်ပင်ပြီးလုပ်ကြတဲ့အခါကျတော့ ကျနော်ထင်ပါတယ် အခုအချိန်ထိ ဘာကိုမှ ကျနော် အတည်ပြုပေးလို့ မရပါဘူး၊ ဒါမူအားဖြင့် မရပါဘူး"

မနက်ဖြန် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်အစရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေက အဖွဲ့ချုပ်ရုံးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်ဖို့လျာထားတဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းကို ဖွင့်ဖောက်သွားမယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ဒဂုံမြို့နယ်က အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ထွန်း၊ မန္တလေးတိုင်းဒေသကြီးဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ပုသိမ်ကြီးမြို့နယ်က ဦးအောင်ကျော်ဦး၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် သံဖြူဇရပ်မြို့နယ်က ဒေါ်တင်အိ၊ ချင်းပြည်နယ်လွှတ် တော်ဥက္ကဌအဖြစ် ဟားခါးမြို့နယ်က ဦးဇိုဘွဲ၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရှားတောမြို့နယ်က ဦးလှထွေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် လက်ပံတန်းမြို့နယ်က ဦးခင်မောင်ရင်တို့ကို ရွေးချယ်ထားတယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူလို့ သတင်းတွေထွက်ပေါ်နေတဲ့ ဦးညီပုကို RFA မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။