NLD ရုံးချုပ်ပြန်ဖွင့်ဖို့ ပါတီဝင်တချို့တောင်းဆိုမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ် ပြန်ဖွင့်ခွင့်ပြုဖို့ စစ်ကောင်စီက NLD ပါတီဝင်တချို့ကို စေလွှတ်တင်ပြခိုင်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်တယ်လို့ NLD ပါတီဝင်တချို့က ဒီဇင်ဘာလ ၉ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

အခုလိုလုပ်တာက စစ်ကောင်စီအနေနဲ့ သူ့အကျိုးစီးပွားအတွက်လုပ်တာ ထင်ရှားတယ်လို့ NLD ပါတီ ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။

“စကစက NLD ထဲက လူတချို့ကို စည်းရုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားတွေ့ခိုင်းတာပေါ့နော်။ ဆိုတော့ နိုင်ငံတကာက သံတမန်ကြီးတွေ လာတာတောင်မှ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းအမျိုးမျိုးပြပြီးတော့ တွေ့ခွင့်မပေးတဲ့အခြေအနေမှာ အခုလိုမျိုး စကစက သူ့အကျိုးအတွက် လုပ်တယ်ဆိုတာကို ထင်ရှားသွားတာပေါ့”

နေပြည်တော်အချုပ်ထောင်တွင်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို NLD ပါတီဝင် နှစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ လာရောက်တွေ့ဆုံခွင့်ရခဲ့ပြီး ပါတီရုံးချုပ် ပြန်ဖွင့်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင် ၁,၁၆၉ ဦး ဖမ်းဆီးခံထောင်ချခံထားရပါတယ်။

NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။