ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲထားတဲ့အမှု NLD ကကျေအေး

ပဲခူးတိုင်း ဝေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ရွေးကောက်ပွဲ စည်းကမ်းဖောက်ဖျက်လို့ တရားစွဲထားတဲ့အမှုကို NLD က ကျေအေးလိုက်ပါတယ်။

2012.07.02

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျုံပါချောင်းဝရွာ မဲရုံမှာ ကြံ့ခိုင်ရေးပါတီဝင် ဝေါမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့အတွက် NLD ပါတီက တရားစွဲခဲ့ပါတယ်။

ဒီအမှုမှာ ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ကျုံပါချောင်းဝရွာက NLD ပါတီ မဲရုံကိုယ်စားလှယ် ဦးဇော်လင်းဦးနဲ့ ဦးစန်းဦးတို့က တရားစွဲခဲ့တာဖြစ်ကြောင်း ပဲခူးတိုင်း အောင်နိုင်ရေးတာဝန်ခံ ဒေါက်တာ စိုးမြင့်သန်းက ပြောပါတယ်။

"သနပ်ပင်မြို့နယ် ကျုံပါချောင်းဝရွာ မဲရုံမှာ ဝေါမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်က မဲရုံထဲကို ဝင်လာပြီး ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို လိုက်လက်ဆွဲ နှုတ်ဆက်ပြီး စည်းရုံးတာကို NLD က မဲရုံကိုယ်စားလှယ် ကိုဇော်မင်းဦးရယ်၊ ကိုဆန်းဦးရယ်၊ မဲရုံမှုးတွေက ကန့်ကွက်တာကို မဲရုံထဲကနေ သူက ချက်ချင်းမထွက်ဘူး။ မင်းတို့တိုင်ချင်တဲ့ဆီတိုင်၊ လုပ်ချင်တာလုပ် ငါဂရုမစိုက်ဘူး။ ငါလွှတ်တော်ကိုယ်စားလှယ်ကွ ဆိုပြောတော့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်တယ်။ အဲဒီကိစ္စကို မင်းရွာရဲစခန်းမှာ အရေးယူပေးဖို့တိုင်ကြားပြီး သနပ်ပင်မြို့နယ်တရားရုံးမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က သနပ်ပင်တရားရုံးမှာ တရားစွဲခဲ့တဲ့ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီရဲ့ လမ်းညွှန်အကြံပြုချက်အတိုင်း အမှုကို ကျေအေးပေးလိုက်သလို ဦးအောင်နိုင်ဘက်ကလည်း အမှုကျေအေးပေးတဲ့အပေါ်ကျေးဇူးတင်ကြောင်း လက်မှတ်ရေးထိုးပေးတယ်လို့ ပြောပါတယ်။

"သူ့ဝန်ခံံ တောင်းပန်ချက်မှာကတော့ မဲဆန္ဒရှင်တွေ၊ ကိုယ်စားလှယ်တွေကို သူရွေးကောက်ပွဲ ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်မိတာ မှန်ကန်ကြောင်း၊ NLD ပါတီနဲ့မဲဆန္ဒရှင်တွေက သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လက်မှတ်ထိုးပေးပါတယ်။ ယနေ့အချိန်အခါမှာ ပါတီတွေ အကုန်လုံးက နိုင်ငံတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ ကာလဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ကို မျှော်တွေးပြီးတော့ ကျွန်တော်တို့က အခုလို ကျေအေးပေးလိုက်တာ ဖြစ်ပါတယ်" လို့ ပဲခူးတိုင်း အောင်နိုင်ရေး အဖွဲ့တာဝန်ခံ ဒေါက်တာ စိုးမြင့်သန်း ခေါ် စာရေးဆရာ အောင်ထိပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။