ဒေါ်အောင်ဆန်းစုကြည် လူသိရှင်ကြားဝန်ခံဖို့ နိုဘယ်လ်ဆုရှင် ရှစ်ဦး တိုက်တွန်း
2019.12.10
နိုင်ငံ့ကိုယ်စားပြုအဖြစ် ကမ္ဘာ့တရားရုံး ICJ မှာ အမှုရင်ဆိုင်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတော်တိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ရှစ်ဦးက လူမျိုးတုံးသတ်ဖြတ်မှုကို ဖုံးကွယ်ငြင်း နေမယ့်အစား၊ လူသိရှင်ကြားဝန်ခံသင့်တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက် Genocide Convention ကို မြန်မာကချိုးဖောက်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလမ်မစ် (OIC) ၅၇ နိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာတရားရုံး ICJ မှာ ဒီကနေ့ ၃ နာရီခွဲမှာ စတင်ကြားနာခဲ့ပါတယ်။
နိုဘယ်ဆုရှင် ရှစ်ဦးကတော့ အီရန်နိုင်ငံက နိုဘယ်လ်ဆုရှင် ရှီရင် အီဘာဒီ၊ လိုင်ဘေးရီးယားနိုင်ငံက လေမာ ဘိုဝီ၊ ယီမင်နိုင်ငံက တာဝါကို ကာမန်၊ မြောက်အိုင်ယာလန်နိုင်ငံက မိုင်ရိဒ် မက်ဂွိုင်ယာ၊ ဂွာတီမာလာနိုင်ငံက ရီဂိုဘာတာ မန်ချူး၊ အမေရိကန်ပြည်ထောင်စုက ဂျိုဒီဝီလီယမ်၊အိန္ဒိယနိုင်ငံက ကိုင်လက်ရှ် ဆတ်သီယာသီ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုဟာမက် ယူနွတ်စ်တို့ ဖြစ်ပါတယ်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရှုတ်ချမယ့်အစား တက်တက်ကြွကြွ ဖုံးဖိကာကွယ်ပေးနေတဲ့အတွက် အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း အဲဒီစာမှာ ဖော်ပြထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်စိရှေ့မှောက်မှာ ဖြစ်ပွားခဲ့တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှု တွေကို တာဝန်ယူမှု သိစိတ်နဲ့ ကန့်ကွက်ရှုတ်ချမှု ပြုလုပ်ဖို့လည်း တိုက်တွန်းကြောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှစ်ဦးက တောင်းဆိုထားပါတယ်။
ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အမိန့်ပေးခိုင်းစေခဲ့တဲ့ တပ်မတော်အရာရှိတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း တာဝန်ခံမှု ရှိလာစေဖို့ ဆောင်ရွက်သင့်တယ်လို့ ရေးသားထားပါတယ်။ NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ဒေါ်အောင်ဆန်းစုကြည် မျက်စိရှေ့မှောက် ဖြစ်ပွားတယ်ဆိုတဲ့ စကားကို လက်မခံ နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။
“မျက်စိရှေ့မှောက်မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စကားကိုလက်မခံနိုင်ဘူးလို့ ပြောရမှာပါ။ ဝန်ခံတယ်ဆိုတာလည်း ဖြစ်လာနိုင်စရာ မရှိတဲ့အကြောင်းပါ။ ဖြစ်လာနိုင်စရာ မရှိတဲ့အကြောင်းအပေါ်မှာ ကျွန်တော်တို့ မှတ်ချက် မပေးပါဘူး။ ”
ဒါ့အပြင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှစ်ဦးရဲ့ ထုတ်ပြန်ချက်ဟာ ဘယ်လောက်ထိ မှန်ကန်မှုရှိလဲဆိုတာကို သံသယဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်ကဆိုပါတယ်။
“နိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု အင်မတန် အင်အားကြီးတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ သူတို့တင်ပြတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးတော့ အခုလိုကြေညာချက် ထွက်လာတာပဲ ဖြစ်ပါတယ်။ သူတို့ဘယ်လောက်သိလဲ။ ဘယ်လောက် ထဲထဲဝင်ဝင် သဘောပေါက်လဲဆိုတာကို ကျွန်တော်တို့ သံသယရှိတယ်လို့ပဲ ပြောချင်ပါတယ်။ ”
နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်လာခဲ့ရင် ဘယ်သူပဲ ကျူးလွန်ကျူးလွန် အစိုးရမှာတာဝန်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှု တွေကို မလုပ်သင့်ဘူးလို့ သတိပေးပြောဆိုမှု ပျက်ကွက်ခဲ့တာကလည်း လူ့အခွင့်အရေးချိုးဖောက်မှုကို အားပေးရာ ရောက်တယ်လို့ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ အဖွဲ့က ကိုအောင်ဇော်ဦးက သုံးသပ်ပါတယ်။
“ချိုးဖောက်မှုရှိရင်တော့ ရှိတဲ့အတိုင်း ပြောတာကို ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါကတော့ ပြဿနာမဟုတ်ဘူး။ အဓိကတော့ ချိုးဖာက်သူတွေကို အရေးယူတဲ့အပိုင်းက နောက်တစ်ပိုင်း လာလိမ့်မယ်။ ”
ဒီနေ့ဟာ ၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ နိုဘယ်ဆုရှင် တစ်ယောက်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေရင် အမှန်အတိုင်းပြောဖို့အတွက် ဖိအားပေးတဲ့သဘောနဲ့ အခုလို ထုတ်ပြန်တာဖြစ်မယ်လို့ သုံးသပ်မိကြောင်း ကိုအောင်ဇော်ဦးက ပြောပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အမျိုးသမီး သုံးဦးဟာ ရိုဟင်ဂျာ ၇ သိန်းကျော် ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီးတော့ အမျိုးသမီးအယောက် ၁၀၀ ရဲ့ ဇာတ်လမ်းတွေကို နားထောင်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာအာဏာပိုင်တွေရဲ့ စနစ်တကျ ဖိနှိပ်ထားမှုကို ဆယ်စုနှစ်ချီ ကြာမြင့်စွာ ကြုံတွေ့ နေရကြောင်း၊ နိုင်ငံသားအဖြစ် အသိအမှတ် မပြုခံရကြောင်း ရေးသားထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေ မုဒိန်းကျင့် သတ်ဖြတ်မှုကို လက်နက်သဖွယ် အသုံးပြုခဲ့တယ်လို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ နိုင်ငံဘက်က ထောက်ခံကူညီသွားမယ့်အကြောင်း နယ်သာလန်နဲ့ ကနေဒါနိုင်ငံတို့ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံကို အမှုရင်ဆိုင်ဖို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ တွေကို မြန်မာနိုင်ငံအနှံ့အပြားမှာ ဆက်တိုက်ဆိုသလို ဒီရက်ပိုင်းတွေအတွင်း ကျင်းပနေကြပါတယ်။