ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရမှသာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ်သွားရောက်ဖို့ ဖြစ်နိုင်တော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန် မစ္စ နိုလင်းဟေဇာက ပြောလိုက်ပါတယ်။ မနေ့က စင်္ကာပူနိုင်ငံ ISEAS - Yusof Ishak Institute မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
စက်တင်ဘာလ ငါးရက်နေ့က စင်္ကာပူနိုင်ငံ အင်စတီကျု ISEAS - Yusof Ishak အရှေ့တောင်အာရှရေးရာလေ့လာရေး အင်စတီကျုမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက ပြီးခဲ့တဲ့ ကိုးလတာ ကာလအတွင်းမှာ ဒီရာထူးအတွက် တာဝန်ယူခဲ့တဲ့အချိန်အတွင်း ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ သူ့ရဲ့ဆောင်ရွက်ချက်တွေ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲအပြီး ကုလသမဂ္ဂအထူးသံရဲ့ရုံးက ထုတ်ပြန်ချက်ထဲမှာ မစ္စနိုလင်းဟေဇာက သူ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံရာထူးအတွက် စတင်ခန့်အပ်ခံရချိန်က စပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပါအဝင် အရေးပါတဲ့ အစုအဖွဲ့အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

မစ္စ နိုလင်းဟေဇာက သူ့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ရွေးကောက်ခံ အမတ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအဖွဲ့တွေ၊ တိုင်းရင်းသားတွေထဲက စစ်ပြေးဒုက္ခသည်တွေနဲ့ လူငယ်အဖွဲ့တွေနဲ့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံမှုတွေလုပ်နေပြီး၊ မြေပြင်က အခြေအနေမှန်တွေကို သိရဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
ဒီ ကုလအထူးသံရာထူးရဲ့လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံက အရေးပါတဲ့ သက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုဖို့ လိုအပ်ပြီး၊ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ဒေသတွင်းက သက်ဆိုင်သူ အစုအဖွဲ့တွေနဲ့ နိုင်ငံတကာအကြား ကြားခံ ပေါင်းကူးတံတားဖြစ် လုပ်ဆောင်ပေးရမှာ ဖြစ်တဲ့အကြောင်း၊ ဒီ လိုအပ်ချက်အရ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေနဲ့ သွားရောက်တွေ့ဆုံပြီး၊ အရေးကြီးတဲ့ သက်ဆိုင်သူ အဖွဲ့တစ်ဖွဲ့အနေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
မစ္စနိုလင်းဟေဇာက နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား သူ့ရဲ့အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် အလွန်မှစိုးရိမ်ပူပန်နေတဲ့အကြောင်း ပြောကြားခဲ့ပြီး၊ ပဋိပက္ခ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့တောင်းဆိုခဲ့သလို၊ မြန်မာပြည်သူတွေ ထိခိုက်ခံစားနေရတာတွေကို လျှော့ချပေးဖို့ လုပ်ရမယ့် ခြေလှမ်းအချို့ကို အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တဖြည်းဖြည်းချင်း တွေ့ဆုံခွင့်ပေးမယ့် အလားအလာကို ပြသခဲ့ပေမယ့် နောက်ပိုင်းမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ချမှတ်လိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့နေထိုင် စားသောက်ရေးအတွက် အလွန်မှစိတ်ပူပန်မိတယ်လို့ မစ္စ နိုလင်းဟေဇာက ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံကို နောက်တစ်ကြိမ် သွားရရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာသာ သွားဖြစ်လိမ့်မယ်လို့ မစ္စနိုလင်းဟေဇာက ဒီဆွေးနွေးပွဲရဲ့အမေးအဖြေကဏ္ဍမှာ ပြောသွားပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံက သက်ဆိုင်သူအစုအဖွဲ့တွေကြားမှာ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည်မရှိမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတဲ့အတွက် တိုက်ခိုက်မှုတွေ လျှော့ချဖို့ ကြားဝင် ညှိနှိုင်းပေးစရာအခန်းကဏ္ဍ အလွန်ကျဉ်းမြောင်းနေပြီး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရတာတောင် မလွယ်တဲ့အကြောင်းလည်း ပြောသွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လိုချင်တာ အားလုံးမရရင် ဘာမှမယူဘူးဆိုတဲ့ သဘောထားရပ်တည်ချက်တွေကြောင့် လက်နက်ကိုင် တော်လှန်မှုတွေက ပိုများလာနေပြီး၊ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ၊ ပြည်သူ့စစ်အဖွဲ့တွေကို အသုံးပြုတာတွေ စတဲ့ နည်းလမ်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုရော အရပ်သား ပြည်သူတွေအပေါ်မှာပါ တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတာ တွေ့ရတယ်လို့ မစ္စ နိုလင်းဟေဇာက ပြောသွားပါတယ်။

မစ္စ နိုလင်းဟေဇာက သူ့အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံခဲ့သလို ကော့ဆက်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့အကြောင်း၊ အခုအချိန်မှာ မြန်မာ ပြည်သူအမြောက်အမြားဟာ နိုင်ငံကို စွန့်ခွာပြီး ပြည်ပနိုင်ငံတွေမှာ အကာအကွယ်ရဖို့ ကြိုးစားနေကြတဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာဒုက္ခသည်တွေအတွက် မျှဝေတာဝန်ယူကြဖို့ တောင်းဆိုနေတဲ့အကြောင်း၊ အာဆီယံနိုင်ငံတွေအနေနနဲ့ မြန်မာဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့အတွက် ဒေသဆိုင်ရာ မူဘောင်တစ်ခု ဖန်တီးကြဖို့ကိုလည်း တိုက်တွန်းနေတဲ့အကြောင်း မစ္စ နိုလင်းဟေဇာက ပြောသွားပါတယ်။
မစ္စ နိုလင်းဟေဇာက ပြီးခဲ့တဲ့ ဇူလိုင်လက မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ်နဲ့ တွေ့ဆုံခဲ့တဲ့နောက် မလေးရှား အစိုးရက မြန်မာဒုက္ခသည်တွေကို ထိခိုက်လွယ်သောအုပ်စုအဖြစ် တရားဝင သတ်မှတ်ကြောင်း ကြေညာလိုက်တာ တွေ့ရကြောင်း၊ မလေးရှားဟာ ကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် အခုလို အကာအကွယ်ပေးဖို့ လုပ်ဆောင်ခဲ့တာဟာ အရေးပါတဲ့ တိုးတက်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
မစ္စ နိုလင်းဟေဇာက မကြာခင်က မလေးရှားနိုင်ငံ ခရီးစဉ်တွင်းမှာ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ မြန်မာမွတ်စလင်နဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက ရောက်နေတဲ့ ဒုက္ခသည်အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး သူတို့အနေနဲ့ တရားဝင်စာရွက်စာတမ်းတွေ မရှိဘဲ နေထိုင်ရတဲ့အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ တရားဝင်အလုပ်အကိုင်ရဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့်ရဖို့ အခက်အခဲရှိနေတဲ့ အခြေအတွေကို ကြားသိခဲ့ရတဲ့အကြောင်း ပြောပါတယ်။

မစ္စ နိုလင်းဟေဇာက မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်လို့ တိကျပြတ်သားတဲ့လမ်းကြောင်း မမြင်ရသလို၊ လွယ်ကူတဲ့ ဖြေရှင်းဖို့နည်းလမ်းမရှိသေးဘူးလို့ ပြောသွားပါတယ်။ တစ်ဖက်မှာလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာက အကန့်အသတ်ရှိနေပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲပြားမှုတွေကလည်း ရှိနေတဲ့အကြောင်း မစ္စနိုလင်းဟေဇာက ပြောပါတယ်။
မြန်မာနိုင်ငံ အကျပ်အတည်းပြေလည်ဖို့အတွက် ဖြေရှင်းဖို့ နည်းလမ်းတွေကို နိုင်ငံပြင်ပကနေ ဖိအားပေးပြီး ဖြေရှင်းခိုင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက် သက်ဆိုင်သူတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီး၊ ပြည်သူတွေရဲ့လိုလားချက်အတိုင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ် လို့ မစ္စနိုလင်းဟေဇာက ပြောသွားပါတယ်။
မြန်မာနိုင်ငံ ပြဿနာဟာ အာဆီယံအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို ထိခိုက်နစ်နာစေမယ့် ကပ်ဘေးကြီးတစ်ခုအဖြစ် ဦးတည်လာနေတဲ့အတွက် တုံ့ဆိုင်းမနေသင့်တော့ဘူးလို့ မစ္စနိုလင်းဟေဇာက ဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။