ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းသုံးဖွဲ့ တိုက်ခိုက်
2023.12.18
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ကစပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့တာကြောင့် အရပ်သားနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းအနားက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရသလို ဒီနေ့အထိ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းလောက်က လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ကြတာ။ ဒီမနက်အထိလည်း အခြေအနေက တင်းမာနေတယ်ဗျ။ တပ်နားနီးတဲ့ ရပ်ကွက် (၁) ကလူတွေ တော်တော်များများက အဲမှာ မနေရဲကြတော့ဘူး။ မြို့ထဲမှာက ကောလာဟလတွေလည်း ထွက်နေတာ”
မနေ့က အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားနေအိမ်အချို့ ထိခိုက်မှုရှိပေမယ့် ဒေသခံတွေ ထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ သိန္နီမြို့ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်ထားပြီး ကွတ်ခိုင် - မူဆယ် လမ်းပိုင်းကိုလည်း မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ အားကောင်းတဲ့ ကွတ်ခိုင်မြို့နယ် တာမိုးညဲနဲ့ မုံးစီးဒေသထဲက ပြည်သူ့စစ်စခန်းတွေကိုလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ကွတ်ခိုင်မြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ကွတ်ခိုင်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းနဲ့ နမ့်ဖတ်ကာ တပ်စခန်းတွေကို စစ်ရေးလိုအပ်ချက်အရ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
TNLA အနေနဲ့ ဒီဇင်ဘာ ၁၀ ရက်ကစတင်ပြီး နမ့်ဆန်မြို့ ဗျူဟာကုန်းကို တိုက်ခိုက်ခဲ့ပြီး ခြောက်ရက်အကြာမှာ သိမ်းယူနိုင်ခဲ့သလို နမ့်ခမ်းနဲ့ မန်တုံမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။