ယင်းမာပင် သတ်ဖြတ်မှု ကျူးလွန်တဲ့အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး အရေးယူမယ်လို့ NUG ထုတ်ပြန်

2022.09.13
ယင်းမာပင် သတ်ဖြတ်မှု ကျူးလွန်တဲ့အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး အရေးယူမယ်လို့ NUG ထုတ်ပြန် ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တချို့ကို တွေ့ရစဉ်။
Photo: YMB PDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ ယင်းမာပင်ဒေသ ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း (၄) တာဝန်ခံ ဆရာစံနဲ့ တာဝန်ရှိသူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနက စက်တင်ဘာလ ၁၂ ရက် မနေ့က ကြေညာပါတယ်။

အဲဒီသတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူတွေဟာ တာဝန်ခံ ဆရာစံနဲ့ အာပီဂျီ(ခ)အောင်ဇော် တို့ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် လက်နက်ဖြုတ်သိမ်းမယ့်အပြင် အကျဉ်း စစ်တရားရုံး အမြန်ဆုံးဖွဲ့စည်းပြီး ရုံးတင်စစ်ဆေးမယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ယင်းမာပင်မြို့ အနောက်ဘက်မှာရှိတဲ့ လက်လှုပ်နဲ့ ပြောင်းပြာရွာကြားမှာ ခြေထောက်ဒဏ်ရာပြဖို့လာတဲ့ လာပို့ရွာသား မီးသတ်ရဲဘော် တစ်ဦးနဲ့ အဖော်တစ်ဦး၊ သူတို့ကို လာကြိုတဲ့ မီးသတ်ရဲဘော်နှစ်ဦး စုစုပေါင်း လေးဦးကို တိုက်ကောင်း (ခ) ဗိုလ်ဘုန်းထက်တို့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဖမ်းဆီးထားသူတွေကို ကပိုင်ရွာဆီ ခေါ်ဆောင်သွားသလို အဖမ်းခံရသူတွေ လွတ်မြောက်ဖို့ လိုက်သွားတဲ့ လာပို့ရွာ Hero Tiger အဖွဲ့က ဗိုလ်ထိုက်မောင်နဲ့ ရဲဘော် ငါးဦးအပါအဝင် ၁၀ ဦး အသတ်ခံခဲ့ရတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာတဲ့မိသားစုတွေက အရေးယူပေးဖို့ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုင်ကြားမှုကို စစ်ဆေးရတဲ့အခါ NUG အနေနဲ့ ဘယ်လောက်အတိုင်းအတာထိ စစ်ဆေးနိုင်လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မြေပြင်အခြေနေ အတိအကျကို မသိရတော့လည်း တချို့အနေထားတွေက ပြောရ ခက်တယ်။ တကယ်က အမှုဖြစ်လာပြီဆိုရင် အရင်အခြေအနေတုန်းကတောင် တရား ရုံးတွေမှာ သက်သေတွေနဲ့ အဆင့်ဆင့် တင်ပြကြရတာ။ အခုလိုအခြေနေမှာ ဒါမျိုးတွေ စစ်ဆေးဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ တော်လှန်ရေးကာလဆိုတော့ အန္တရာယ်ကင်းဖို့ ဘယ်သူက ဘာလုပ်နေတယ်ဆိုတာကိုလည်း မဖော်ပြနိုင်။ ဖော်ပြဖို့ အဆင်မပြေတော့ အထင်လွဲစရာတွေလည်းရှိတယ်။ ဖြေရှင်းရခက်တဲ့အထဲမှာပါတော့ ပါးပါးနပ်နပ် ဖြေရှင်းဖို့တော့ လိုတယ်”

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးဖော်ထုတ်ချက်အရ Hero Tiger အဖွဲ့ဝင်တွေကို ရန်ငြိုးရန်စကြောင့် သတ်ဖြတ်တာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဓိကစွပ်စွဲခံရတဲ့ ဗိုလ်သံမဏိ၊ မောင်ဦး၊ ရဲလေးနဲ့ ဗိုလ်တိုက်ကောင်း ဆိုသူတို့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆင့်ခေါ်စစ်ဆေးခဲ့ပေမယ့် ဗိုလ်တိုက်ကောင်း ကတော့ လာရောက်ဖြေရှင်းတာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ယင်းမာပင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄) တာဝန်ခံအပါအဝင် တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားဆက်သွယ်ခဲ့ပေ မယ့် အဆက်သွယ်မရခဲ့ပါဘူး။

NUG ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အရေးယူဆောင်ရွက်ဖို့ အချက်ခြောက်ချက် ပါဝင်ပြီး ပြစ်မှုကျူးလွန်သူတွေကို ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်မပြုကြောင်း၊ ကျူးလွန်သူတွေ ကိုင်ဆောင်တဲ့ လက်နက်ကို ဖြုတ်သိမ်းနိုင်အောင် ဆောင်ရွက်နေကြောင်း၊ ပြစ်မှုကျူးလွန်ရာမှာ မပါဝင်တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို သင့်လျော်တဲ့တာဝန်တွေ ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မှားယွင်းသတ်ဖြတ်ခံရတဲ့ Hero Tiger အဖွဲ့ဝင်တွေကို PDF ရဲဘော်တွေအဖြစ် အသိမှတ်ပြု သွားမှာဖြစ်ကြောင်းနဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ထောက်ပံ့ကူညီသွားမယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။