တရုတ်ရဲ့ မြန်မာ့အရေး ချဉ်းကပ်မှု ရှေ့နောက်မညီဖြစ်နေကြောင်း NUG ဝေဖန်

RFA Burmese
2025.01.30
တရုတ်ရဲ့ မြန်မာ့အရေး ချဉ်းကပ်မှု ရှေ့နောက်မညီဖြစ်နေကြောင်း NUG ဝေဖန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် Munich Security Conference 2024 တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား တွေ့ရစဉ်။
Twitter/ Zin Mar Aung

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုဟာ ရှေ့နောက်မညီဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၉ ရက်နေ့က အွန်လိုင်းကတစ်ဆင့် ကျင်းပတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ တော်လှန်ရေးအခြေအနေတွေဟာ မြန်မာ့ပြည်တွင်းရေးလို့ အရင်ကပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်အစိုးရ ကိုယ်တိုင်က နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိအားပေးတာ၊ NUG နဲ့ မပတ်သက်ဖို့ ဖိအားပေးတာတွေကို မြင်တွေ့လာရတာလို့ ပြောပါတယ်။

"ကျွန်မတို့ ရုန်းကန်နေတဲ့ တော်လှန်ရေးက တကယ့်ပြည်တွင်းရေးဖြစ်တယ်လို့ ရှေ့ပိုင်းမှာတော့ ပြောပြီးတော့ နောက်ပိုင်းကျတော့လည်း မြန်မာ့အရေးမှာ အတင်းကြီးကို ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုး ဆောင်ရွက်လာတာမျိုးတွေ တွေ့ရတော့ ကျွန်မအမြင်ကတော့ တရုတ်အစိုးရ ဘေဂျင်းကိုယ်တိုင် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ ရှေ့နောက်မညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ ပိုပြီးတော့ ဆောင်ရွက်လာနေတာကို ကျွန်မတို့မြင်ရတယ်"

မြန်မာပြည်ထဲမှာရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေကို စစ်ကောင်စီက အကာအကွယ်မပေးနိုင်တာကြောင့် တရုတ်အစိုးရက စစ်ကောင်စီကို ယုံကြည်မှု ပျောက်လာပေမဲ့ တစ်ဖက်မှာလည်း NUG နဲ့ တော်လှန်ရေးအဖွဲ့တွေကို ရွေးချယ်စရာအဖြစ် မမြင်သေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် NUG အနေနဲ့ တရုတ်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို တစ်ဖက်သတ်ပင်ဖြစ်နေပါစေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အခု ဇန်နဝါရီလထဲမှာပဲ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရခဲ့ပါတယ်။ အပစ်ရပ် နောက်ဆက်တွဲအနေနဲ့ MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေလည်း MNDAA တပ်ဖွဲ့တွေ ပြန်ဆုတ်ပေးရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး ငြိမ်းချမ်းရေးဖြစ်စဥ်အတွက်လည်း ပံ့ပိုးကူညီသွားမယ်လို့ အကြိမ်ကြိမ်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။