အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၆ ယောက်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ စစ်ကောင်စီအပေါ် အရေးယူသွားမယ့်ကိစ္စတွေကို ဒီအဖွဲ့က အမိန့်တွေထုတ်ပြီး ဆောင်ရွက်သွားမယ်လို့ ဒီဗဟိုအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။
"လွန်ခဲ့တဲ့နှစ်က စကစ ကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ CRPH က ကြေညာခဲ့တယ်။ အဲ့အချိန်မှာ အစိုးရမရှိတော့ လွှတ်တော်ကော်မတီကပဲ ကြေညာခဲ့ရတယ်။ အခု အကြမ်းဖက်အုပ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ရောင်းချမယ်လို့ စဉ်းစားတဲ့ နေရာမှာ ဒါက လိုအပ်တဲ့အတွက်ကြောင့် ဖွဲ့လိုက်တာပါ။ အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေး အတွက် ဒီအဖွဲ့က အမိန့်ညွှန်ကြားချက်တွေ တစ်ခုပြီးတစ်ခုထွက်လာပါလိမ့်မယ်။ အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။"
ဒီဗဟိုအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုဥက္ကဋ္ဌတွေအဖြစ် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တရားရေးဝန်ကြီး ဦးသိန်းဦးတို့ တာဝန်ယူထားပါတယ်။
အဖွဲ့ဝင်တွေထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီး၊ လူ့အခွင့်အရေးဝန်ကြီး၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ ပါဝင်ပါတယ်။
NUG က စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ၂ဝ၂၁ ခုနှစ် ဇွန်လ ၇ရက်နေ့က သတ်မှတ်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ သူတို့နဲ့ဆက်စပ်တဲ့အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှု တွေကို ကာကွယ်တားဆီးဖို့နဲ့ တိုက်ဖျက်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း NUG က ကြေညာထားပါတယ်။
စစ်ကောင်စီကလည်း CRPH၊ NUG နဲ့ PDF တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဒီအဖွဲ့တွေကို ထောက်ခံအားပေး ကူညီသူတွေကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးအရေးယူနေပါတယ်။