စစ်ကောင်စီက ပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မတ်လ ၁ ရက်နေ့က ကျင်းပတဲ့ ၅၅ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီမှာ စစ်ကောင်စီကို လက်နက်နဲ့ငွေကြေး ဖြတ်တောက်ဖို့နဲ့ NUG အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေ၊ နယ်စပ်မှာ လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လိုတယ်လို့ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တင်ပြခဲ့တာကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေအားလုံးနဲ့ အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေတဲ့ အခြေအနေကို ဖန်တီးရာရောက်တဲ့အပြင် စစ်တပ်အတွင်း လူသားဒိုင်းအပါအဝင် အဓမ္မစေခိုင်းတာလို လူ့အခွင့်အရေး ချိုးဖောက်တာကို တရားဝင်ကျင့်သုံးဖို့ ရည်ရွယ်တာလို့ တင်ပြခဲ့တယ်လို့ဆိုပါတယ်။
ဒီစစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ် ပိုမိုဆိုးရွားတဲ့သက်ရောက်မှုတွေဖြစ်အောင် တွန်းပို့ရာရောက်တယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းဖို့ ကြိုးစားနေပြီး ဒါက အရင်လုပ်ရိုးလုပ်စဉ်အတိုင်း ဘာသာရေးအဓိကရုဏ်းတွေဖန်တီးပြီး နိုင်ငံရေးလွတ်လမ်းအနေနဲ့ လုပ်ဆောင်နေကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ယခုထက်ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ၊ စစ်ကောင်စီချိုးဖောက်နေတဲ့ကိစ္စတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ လူ့အခွင့်အရေးလမ်းကြောင်းတင်မကဘဲ တရားစီရင်ရေးလမ်းကြောင်းတွေကိုပါ အသုံးပြုနိုင်စေဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က်ရဲ့ ပြောကြားချက်နဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။