စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် သတိကြီးကြီးထားဖို့နဲ့ စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင်လုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ကျင်းပတဲ့ NUG ရဲ့ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေး အဆုံးသတ်မယ်လို့ ကြေညာထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ စီမံကိန်း ဆုံးဖြတ်ချက်အပေါ် ပြည်သူအချို့ ယုံကြည်မှု နည်းနေသေးပေမယ့် တော်လှန်ရေးအဆုံးသတ်ဖို့ ဖြစ်နိုင်ချေ အများကြီးရှိနေကြောင်း၊ အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးပြင်ဆင်ထား ကြရမယ်လို့ ဆိုပါတယ်။
မြို့ပြတွေအထိ စစ်ဆင်ရေးနယ်မြေ တွေရှိလာနိုင်တဲ့အပေါ် ကြိုတင်တွက်ဆဖို့၊ မဟာမိတ် စစ်ရေး တပ်ပေါင်းစုတွေနဲ့ စနစ်တကျ စီမံကွပ်ကဲဖို့နဲ့ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ အထူးတိုက်တွန်းကြောင်းလည်း ယာယီသမ္မတ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ ၂ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးအီလာတတ်ကြောင်းနဲ့ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားတာမျိုး ဖြစ်တတ်တဲ့အတွက် သတိကြီးကြီးထားကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားပြီး အဲဒီရွေးကောက်ပွဲကိုလည်း မပျက်ပျက် အောင် ဖျက်မှာဖြစ်တဲ့အကြောင်းလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။