လက်နက်တွေနဲ့ CDM ဝင်လာတဲ့ တပ်သားကို NUG က သိန်းလေးဆယ် ဆုချီးမြှင့်

သေနတ်တစ်လက်၊ ကျည်ဆံအတောင့်တစ်ရာယူလာပြီး လက်နက်ချ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာငွေကျပ် သိန်းလေးဆယ် ဆုချီးမြှင့်ခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်သားတွေ လက်နက်ချပြီး ပြည်သူတွေနဲ့ ပူးပေါင်းလာဖို့ NUG ဘက်က ဆုကြေးငွေတွေချီးမြှင့် ဖိတ်ခေါ်နေတာလည်း ဖြစ်ပါတယ်။

အဲဒီတပ်သားဟာ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၂)က တပ်သားတစ်ဦးဖြစ်ပြီးတော့ ကရင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းဆီကို လက်နက်ချလာတာလို့ ဆိုပါတယ်။

သူဟာ MA သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု၊ ကျည်ဆံအတောင့် ၁ဝဝ ယူလာတယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။

ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောကနေတစ်ဆင့် NUG အစိုးရက ဆုကြေးငွေတွေ ပေးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာဘဲ ပြည်သူနဲ့ ပူးပေါင်း CDM လုပ်လာမယ်ဆိုရင် ဆုကြေးငွေတွေပေးမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒီနှစ်ဧပြီလကစပြီး ဖိတ်ခေါ်ထားပါတယ်။

ဘယ်သူမဆို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေသိန်းတစ်သောင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ သိန်းခြောက်ထောင်၊ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ သိန်း နှစ်ထောင် ချီးမြှင့်မယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်ပစ္စည်းတွေနဲ့ ပြည်သူတွေကို ပြန်တိုက်နေတာကြောင့် အခုလိုဆုငွေတွေ ထုတ်ပြီး ဖျက်ဆီးခိုင်းတာလို့ NUG အစိုးရရဲ့ ယာယီသမ္မတကပြောထားပါတယ်။

စစ်ကောင်စီဘက်ကဝင်လာတဲ့သူ ဘယ်နှယောက်ကို NUG က ငွေကျပ်ဘယ်လောက် ဆုချီးမြှင့်ထားပြီလဲဆိုတာကိုတော့ RFA က မသိရသေးပါဘူး။