နိုဝင်ဘာလအတွင်း နေအိမ် ငါးထောင်နီးပါး မီးရှို့ဖျက်ဆီးခံရကြောင်း NUG ပြော

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ တစ်လအတွင်းမှာပဲ မြန်မာနိုင်ငံတစ်ဝန်းက နေအိမ် ၄,၈၁၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ မီးသတ်ဦးစီးဌာနက ဒီဇင်ဘာလ ၁ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။

NUG မီးသတ်ဦးစီးဌာနက ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းက နေအိမ် ၃၃၂၀ လုံးအထိ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ မီးရှို့သတ်ဖြတ်ခံရသူ စစ်ကိုင်းတိုင်းမှာ ၁၃ဦး၊ ချင်းပြည်နယ်မှာ ကိုးဦးနဲ့ မကွေးတိုင်းမှာ နှစ်ဦး စုစုပေါင်း ၂၄ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအချက်အလက်တွေကို သတင်းမီဒီယာတွေ၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့တွေနဲ့ ပြည်သူတွေဆီက ရရှိတဲ့ သတင်းတွေအပေါ် အခြေခံ စာရင်းပြုစုထားပြီး မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ဒီထက်ပိုများနိုင်တယ်လို့ NUG မီးသတ်ဦးစီးဌာနက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ခဲ့ဘူးလို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း နိုင်ငံအနှံ့က နေအိမ် ၁,၅၀၀ ကျော်ကို စစ်ကောင်စီ တပ်တွေက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ NUG မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၂၁ လ အတွင်း နိုင်ငံတစ်ဝန်း နေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။