ဧပြီလအတွင်း စစ်ကောင်စီတပ်သား လေးရာကျော် သေဆုံးကြောင်း NUG ပြော

RFA Burmese
2024.05.17
ဧပြီလအတွင်း စစ်ကောင်စီတပ်သား လေးရာကျော် သေဆုံးကြောင်း NUG ပြော တောင်းပိုင်းစစ်ဒေသ၊ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
NUG

ကရင်ပြည်နယ်က ဧပြီလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၃၀ သေဆုံးပြီး ၅၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းစစ်ဒေသက မေလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီလအတွင်းမှာပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဖာပွန်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် သင်္ဃန်းညီနောင် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းတွေနဲ့ ဗျူဟာကုန်းတွေလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ မြဝတီ - ကော့ကရိတ် အာရှလမ်းမတစ်လျှောက် ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၅၅၊ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြ၀တီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က မြဝတီမြို့ကို အပြည့်အဝပြန်ထိန်းချုပ်နိုင်ဖို့ “အောင်ဇေယျ” စစ်ဆင်ရေးလို့အမည်ပေးပြီး မြဝတီ - ကော့ကရိတ် အာရှလမ်းမတစ်လျှောက် စစ်ကြောင်းထိုးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။