ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်ကြောင်း NUG ထုတ်ပြန်

2021.06.01
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်ကြောင်း NUG ထုတ်ပြန် နေပြည်တော်မှာ အထူးပြုလုပ်ထားတဲ့တရားရုံးမှာ ၂၀၂၁ မေလ ၂၄ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင် တို့ကို တွေ့ရစဉ်
Photo: MRTV/Handout
ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်းမသိရဘဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 
 
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် ကောင်စီ တစ်နေရာမှာ စစ်ကောင်စီက အထူးတရားရုံးဖွင့်ပြီး လူကိုယ်တိုင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေး ခဲ့ပါတယ်။ 
 
အဲဒီလို ရုံးထုတ်ပြီးနောက် သူတို့တွေကို အရင်ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာမှာ ဆက်မထားတော့ဘဲ တခြား တစ်နေရာကို ပြောင်းရွှေ့လိုက်တယ်လို့ ခိုင်လုံတဲ့ သတင်းရထားကြောင်း NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 
 
ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးကို နေပြည်တော်က အစိုးရအရာရှိ အိမ်ရာတွေထဲမှာ သီးသန့်စီ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ယူဆချက်တွေ ရှိနေပေမယ့် စစ်ကောင်စီဘက်က သူတို့ကို ဘယ်မှာ ဖမ်းဆီးထားလဲ ဆိုတာ အချိန် လေးလ ရှိသည့်တိုင် ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ 
 
မေလ ၂၄ ရက်နေ့က ရုံးချိန်းအတွင်း အမှုလိုက်ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မိနစ် ၃၀ကြာ တွေ့ဆုံခွင့် ရခဲ့ချိန်မှာ သူ့ကို ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ သူကိုယ်တိုင် မသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 
 
အဲဒီနေ့က နေပြည်တော်ကောင်စီဝန်းအတွင်း အခန်းကျဉ်းလေးထဲ တရားခွင်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးအမှုရင်ဆိုင်နေတဲ့ ဓာတ်ပုံနှစ်ပုံကို စစ်ကောင်စီရဲ့ သတင်းဌာန တွေက ဖော်ပြပါတယ်။ 
 
အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ဓာတ်ပုံကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ မြင်တွေ့ခဲ့ ကြတာဖြစ်ပြီး တရားခွင်ထဲမှာ မြင်တွေ့ရတာကို စိတ်မချမ်းမသာ ဖြစ်ရကြောင်း ထောက်ခံသူ တော်တော် များများက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေမျှခဲ့ကြပါတယ်။ 
 
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာကို ပြည်တွင်းရော နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ သတင်းစကားပေးချင်တဲ့အတွက် စစ်ကောင်စီက ဓာတ်ပုံနှစ်ပုံကို ထုတ်ပြန်ခဲ့တာလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ 
 
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကတော့ ဒီလိုဓာတ်ပုံတွေထုတ်ပြတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ လူသားဂုဏ်သိက္ခာ ထိပါးတဲ့လုပ်ရပ်လို့ ကန့်ကွက် ရှုတ်ချထားပါတယ်။ 
 
ဒီလို ဓာတ်ပုံတွေ မထုတ်ပြန်ခင်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း တရုတ်အစိုးရပိုင် သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။