ညောင်ရွှေမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ထားတဲ့ ဆန်အိတ် ကိုးရာ သိမ်းဆည်းခံရ
2024.05.15
[Update: 4: 07 PM, May 15, 2024]
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းထားတဲ့ ဆန်အိတ် ကိုးရာကို စစ်ကောင်စီတပ်က မေလ ၅ ရက်နေ့မှာ သိမ်းယူထားပြီး မေလ ၁၅ ရက် ဒီနေ့အထိ ပြန်ထုတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဆန်အိတ် ကိုးရာ တင်ဆောင်လာတဲ့ ရိက္ခာကားကို ညောင်ရွှေနဲ့ စံကားအကြားမှာရှိတဲ့ နန်းပန်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က သိမ်းယူလိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သိမ်းဆည်းလိုက်တာက ညောင်ရွှေမြို့က နန်းပန်ဂိတ်က ဟုတ်တယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က စစ်ဘေးဒုက္ခသည်တွေ သိမ်းဆည်းခံထားရတဲ့ ဆန်အိတ်တွေ သွားတောင်းပေမဲ့ အကျိုးအကြောင်း ဘာမှ မပြောဘူး။ ပြန်လည်းမပေးဘူး"
သိမ်းဆည်းခံထားရတဲ့ ဆန်အိတ်တွေဟာ စံကားရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု လေးထောင်ကျော်ကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာလို့ သူက ဆိုပါတယ်။
ဒီဆန်အိတ်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပို့ဆောင်ပေးတဲ့ ဆန်အိတ်တွေလို့ ဒေသခံတွေက ပြောဆိုပေမဲ့ ဒီအချက်ကိုတော့ WFP က ငြင်းဆိုပါတယ်။
ရှမ်းပြည်နယ်မှာသာမက မြန်မာနိုင်ငံ ဘယ်နေရာမှာမှ WFP စားနပ်ရိက္ခာ အထောက်အပံ့တွေ သိမ်းဆည်းခံရတာ မရှိဘူးလို့ WFP ရဲ့ တာဝန်ရှိသူတွေက RFA ကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာတော့ ဆန်ရိက္ခာတွေ သိမ်းဆည်းခံလိုက်ရတာကြောင့်လည်း စစ်ဘေးဒုက္ခသည်တွေ စားသောက်ရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဖြေကြားချက်ကို ဖြည့်စွက်ရေးသားထားပါသည်။