ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို မတ်လ ၁၈ ရက်မှာ စစ်တွေမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒေါ်ညိုအေးဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်တဲ့ (၅၆) နှစ်မြောက် ဆန်ပြဿနာနေ့ကို တက်ရောက်ခဲ့ပြီး ဆန်ပြဿနာနေ့ဖြစ်လာရတဲ့အကြောင်းကို ဟောပြောခဲ့တာကြောင့် စစ်ကောင်စီတပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ခဲ့တာပါ။
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ရှစ်လခန့်အကြာ မနေ့က အခုလို ထောင်ချလိုက်တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အမေက ကျန်းမာရေး မကောင်းဘူး။ သွေးတိုးတယ်။ အသည်းအဆီဖုံးပြီးတော့ အသက်ရှူတောင်မဝသလို ဖြစ်နေတာ။ ဘာပြောလို့ရတော့မှာလဲ။ ဘာပြောဖို့လိုသေးလဲ ထောင်ကျသွားပြီလေ။ ဒီအချိန်မှာဖြစ်ချင်တာကို ပြောလို့ ဖြစ်လာမှာမှ မဟုတ်တာ”
ဒေါ်ညိုအေးဟာ မကြာခဏ ဆေးကုသမှုခံယူနေရသူဖြစ်ပြီး တရားရင်ဆိုင်နေရချိန် ပထမဆုံးရုံးထုတ်မှာလည်း အရေးပေါ် ဆေးကုသမှုခံယူခဲ့ရတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဒေါ်ညိုအေးအပြင် ဆန်ပြဿနာနေ့ကို ဦးဆောင်ကျင်းပခဲ့တဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂအဖွဲ့က တာဝန်ရှိသူတချို့ အပါအဝင် ကျောင်းသား နှစ်ဆယ်ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ရဲ့တိုက်ပွဲ ပြင်းထန်နေသလို တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ဖမ်းဆီးမှုတွေနဲ့ ထောင်ချမှုတွေကို ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။