အရှေ့တီမောနိုင်ငံမှာ ဩဂုတ်လကုန်ပိုင်းက ကျင်းပခဲ့တဲ့ မီဒီယာစိန်ခေါ်မှု ဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ သတင်းမီဒီယာကောင်စီကို တက်ရောက်စာတမ်းဖတ်ခွင့် ပြုခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာသတင်းမီဒီယာအဖွဲ့အစည်း ၃၃ ခုက စက်တင်ဘာ ၉ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေအတွင်း အရှေ့တီမောနိုင်ငံမှာ မီဒီယာစိန်ခေါ်မှုများ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ "The Dili Dialogue Forum 2022" မှာ စစ်ကောင်စီရဲ့ မြန်မာသတင်းမီဒီယာကောင်စီ (MPC) က စာတမ်းဖတ်ခွင့်ရခဲ့ပါတယ်။ အဲဒီစာတမ်းမှာ စစ်အာဏာသိမ်းမှုက တရားဝင်ကြောင်းနဲ့ သတင်းမီဒီယာတွေက သတင်းတု၊ သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ခံနေရချိန် စစ်ကောင်စီရဲ့ MPC ကို အရှေ့တီမောနိုင်ငံက မီဒီယာဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ပေးတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သတင်းမီဒီယာအဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ MPC ကဖတ်ကြားခဲ့တဲ့ စာတမ်းမှာလည်း လက်ရှိ မြန်မာသတင်းမီဒီယာတွေ အမှန်တကယ် ရပ်တည်နေရတဲ့ အခြေအနေနဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေကို ဖော်ပြထားတာမရှိဘဲ စစ်ကောင်စီဝါဒဖြန့် သတင်းစကားတွေသာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ MPC ကို ကိုယ်စားပြုပြီး ဆွေးနွေးပွဲ တက်ရောက်စာတမ်းဖတ်ခဲ့သူဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိမ်းရဲ့ သားဖြစ်သူ ဦးအေးချမ်း ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
အခုလို ကန့်ကွက်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေထဲမှာ ပြည်တွင်းက မဇ္ဈိမ သတင်းဌာန၊ ရန်ကုန်ခေတ်သစ် သတင်းဌာန၊ ဧရာဝတီ သတင်းဌာနတွေအပြင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတွေလည်း ပါဝင်ပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ စက်တင်ဘာလ ၉ ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံမှာ သတင်းသမား ၁၄၀ ဦး ဖမ်းဆီးခံခဲ့ရပြီး လေးဦး သေဆုံးခဲ့ရသလို သတင်းမီဒီယာ အဖွဲ့အစည်း ၁၁ ခုလည်း ပိတ်သိမ်းခံထားရပါတယ်။